ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးခဲ့တဲ့ ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုအောင် ပေးခဲ့တဲ့ ကတိအတိုင်း အသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုနဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုတို့ကို ရာထူးကနေ ထုတ်ပယ်တော့မယ်လို့ ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် ကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟောင်းက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေခဲ့ပေမယ့် ပီအက်စ်ဂျီက အမ်ဘာပေကို တနှစ် လုပ်ခလစာ ယူရို ၁၀၀သန်း ၊ လက်မှတ်ထိုးကြေး ယူရို ၃၀၀သန်းနဲ့ အသင်းရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပိုင်ခွင့် စတဲ့ ခံစားခွင့်တွေနဲ့ စာချုပ်သစ် ကမ်းလှမ်းခဲ့ရာ အမ်ဘာပေဘက်က စာချုပ်သစ်ကို လက်ခံခဲ့ပါတယ်။

Photo Credit: Eurosports

ယနေ့မနက် အစောပိုင်းမှာတော့ ပီအက်စ်ဂျီက အမ်ဘာပေကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပြီး အမ်ဘာပေကလည်း သူ့ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ ပြင်သစ်မြေမှာ ဆက်လက် ရှိနေခွင့် ရတဲ့ အတွက် ပျော်ရွှင်မိသလို ပီအက်စ်ဂျီနဲ့အတူ အောင်မြင်မှုတွေ များစွာ ရနိုင်အောင် ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

ပီအက်စ်ဂျီက အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီးနောက် အမ်ဘာပေရဲ့ တောင်းဆိုချက်အရ အသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုနဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုတို့ကို ရာထူးကနေ ထုတ်ပယ်ဖို့ စီစဉ်နေပြီး မကြာခင် ရက်ပိုင်းအတွင်း ပိုချက်တီနိုနဲ့ လီယိုနာဒိုတို့ နှစ်ယောက်စလုံးဟာ ပီအက်စ်ဂျီနဲ့ လမ်းခွဲရဖွယ် ရှိကြောင်း နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ RMC Sports သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Eurosports

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း အမ်ဘာပေဟာ သူ့ကို အသင်းမှာ ဆက်ရှိစေချင်ရင် ပိုချက်တီနိုနဲ့ လီယိုနာဒိုတို့ကို ရာထူးကနေ ထုတ်ပယ်ကာ သူ့ရဲ့ စိတ်ကြိုက် နည်းပြတဦး ဖြစ်သူ ဇနက်ဒင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ပေးဖို့ ပီအက်စ်ဂျီရဲ့ ဥက္ကဌ အယ်ခါလိုင်ဖီထံ တောင်းဆိုခဲ့ကြောင်း အတည်ပြုပေးထားပါတယ်။