ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အဓိက တိုက်စစ်မှူး အမ်ဘာပေကို တပတ် လုပ်ခလစာ ပေါင် ၁သန်း အထိ ပေးချေပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ၂၀၁၈ခုနှစ်မှာ မိုနာကိုကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ကြေး ယူရို ၁၄၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ရာ သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: AS English

အမ်ဘာပေဟာ ပီအက်စ်ဂျီထံ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်ကာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၅ဦး စာရင်းဝင်နေသူလည်း ဖြစ်တာကြောင့် သူ့ကို ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က ကြိုးစားနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာထဲက အပြင်းအထန် ကြိုးပမ်းခဲ့ဖူးပြီး အမ်ဘာပေ အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်းတန် ကမ်းလှမ်းမှု တကြိမ် ပြုလုပ်ခဲ့ပေမယ့် ပီအက်စ်ဂျီကတော့ အမ်ဘာပေကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပြီး အမ်ဘာပေကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေပါတယ်။

Photo Credit: AS English

ဥရောပ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီ ဥက္ကဌ အယ်ခါလိုင်ဖီဟာ အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုဖို့နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားဖို့ ပြင်ဆင်ထားပြီး အမ်ဘာပေကို တပတ်လုပ်ခလစာ ပေါင်၁သန်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ကမ်းလှမ်းဖို့လည်း အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီရဲ့ တပတ် လုပ်ခလစာ ပေါင် ၁သန်း ဆိုတဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုသာ လက်ခံလိုက်ပါက ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံး ရရှိတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ဖို့ ရှိနေပြီး သူ့ရဲ့ တနှစ်ဝင်ငွေကလည်း ပေါင် ၁၀၀သန်း ဝန်းကျင် အထိ ရှိလာနိုင်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။