ပြင်သစ် လီဂူဝမ်း ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်း က အင်္ဂလန် ပရီးမီးယားလိဂ် တော့တင်ဟန် ဟော့စပါး အသင်းရဲ့ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဒယ်လီ အလီ ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ မှာ အငှား စာချုပ်နဲ့ အသင်းထံ ခေါ်ယူနိုင်ဖို့ အတွက် ကြိုးပမ်းနေတယ်လို့ သိရှိရပါတယ်။ ပီအက်စ်ဂျီ အသင်း အနေနဲ့ နွေရာသီ အပြောင်းအရွှေ့ကာလ တုန်းကလည်း ဒယ်လီ အလီ ကို အငှားခေါ်ယူဖို့ အတွက် ကြိုးပမ်းခဲ့ပေမယ့် စပါးအသင်းက အလီ ကို လက်လွှတ်ဖို့ရာ အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ငြင်းဆန်ခဲ့တာကြောင့် ခေါ်ယူမှု မအောင်မြင်ခဲ့ပါဘူး။

Photo Credit: Daily Mail

ဒါပေမယ့်လည်း အခုချိန်မှာတော့ ဒယ်လီ အလီ ဟာ စပါး အသင်းရဲ့ နည်းပြ မော်ရင်ဟို ရဲ့ အစီစဉ်ထဲမှာ ပါဝင်နေခြင်း မရှိဘူးဆိုတာကိုတော့ ပွဲထွက်ခွင့် မရတဲ့ အပေါ်မှာ ကြည့်ပြီး သိနိုင်ပါတယ်။ ဒယ်လီ အလီ အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲချိန်ပြည့် တစ်ပွဲမှ မကစားထားရသေးတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် အဲဗာတန် အသင်းနဲ့ ကန်ခဲ့ရတဲ့ ပွဲစဉ်မှာ အလီ အနေနဲ့ ပွဲစကတည်းက ပါဝင် ကစားခွင့် ရခဲ့ပေမယ့်လည်း ဒုတိယပိုင်း အရောက်မှာတော့ လူစားလဲခြင်းကို ခံခဲ့ရပါတယ်။ အောက်တိုဘာလက ကစားခဲ့တဲ့ မန်ယူ အသင်းကို ၁ ဂိုး- ၆ ဂိုး နဲ့ နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ မှာလည်း ပွဲကစားချိန် ၆၉ မိနစ်ရောက်မှသာ ဝင်ရောက် ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က ကစားခဲ့တဲ့ စပါး အသင်းနဲ့ ရိုင်ရယ် အန်းဝက်ပ် နဲ့ ပွဲစဉ်မှာလည်း အရံလူစာရင်းမှာသာ ပါဝင်ခဲ့ရပါတယ်။

Photo Credit: Daily Mail

ထိုကဲ့သို့ ပွဲထွက် ကစားခွင့် မရရှိခြင်းဟာ စပါး ကွင်းလယ်ကစားသမား ဒယ်လီ အလီ အတွက်တော့ အသင်းကနေ ပြောင်းရွှေ့ကစားဖို့ အတွက် ပိုမို ဖိအားပေးနေတယ်လို့ ဆိုနိုင်ပါတယ်။ စပါး အသင်းဘက်ကနေလည်း အလီ ကို လာမယ့် နောက်လ အပြောင်းအရွှေ့မှာ လက်လွှတ်သွားဖို့ အတွက် ပြင်ဆင်နေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။ ပီအက်စ်ဂျီ အသင်း ဘက်ကနေတော့ အလီ ကို အရခေါ်ယူနိုင်လိမ့်မယ်လို့ တွေးထားပါတယ်။ ဒယ်လီ အလီ ကိုယ်တိုင်ကလည်း ပွဲထွက် ခွင့် မရရှိတဲ့ အပါ်ကို စိတ်ပျက်နေပြီး အသင်းကနေ ထွက်ခွာဖို့ကိုလည်း ပြင်ဆင်ထားပြီ ဖြစ်ကြာင်း သူကိုယ်တိုင် ဝန်ခံ ပြောဆိုထားတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒယ်လီ အလီ အနေနဲ့ လာမယ့်နှစ် နွေရာသီမှာ နည်းပြ ဆောက်ဂိတ် ရဲ့ အင်္ဂလန် လက်ရွေးစင် လူစာရင်း မှာ ပါဝင်နိုင်ဖို့ အတွက် အားမလျှော့သေးပါဘူး။ အလီ ကိုယ်တိုင် အနေနဲ့လည်း ပုံမှန် ပွဲထွက်ကစားခွင့် ရရှိပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်မှသာ အင်္ဂလန် လူစာရင်းမှာ ပြန်ပါနိုင်မှာကို သိတာကြောင့် သူ့အနေနဲ့ အခွင့်အရေး သိပ်မပေးတဲ့ စပါး အသင်းကို စွန့်ခွာသွားဖို့တော့ များနေပါတယ်။