MySport Myanmar

ရပ်ရှ်ဖို့ဒ်ကို တစ်ပတ်လုပ်ခ ပေါင်(၈)သိန်းခွဲအထိ မက်လုံးပေးသွားမယ့် ပီအက်စ်ဂျီ

လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းက နွေရာသီကတည်းက ခေါ်ယူချင်နေတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို အသင်းဆီ အရခေါ်ယူနိုင်ဖို့အတွက် တစ်ပတ်လုပ်ခအဖြစ် ပေါင်(၈)သိန်းခွဲအထိ ပေးချေသွားဖို့ပါ စီစဉ်နေတယ်လို့ Mirror သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : ESPN

ယူနိုက်တက်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ ၂၀၁၅ခုနှစ်ကတည်း ယူနိုက်တက် စီနီယာအသင်းအတွက် စတင် ကစားပေးခဲ့ရာ အခုဆိုရင် ပွဲပေါင်း(၃၂၂)ပွဲအထိ ကစားထားနိုင်ခဲ့ပြီ ဖြစ်သလို သွင်းဂိုး စုစုပေါင်းလည်း (၁၀၁)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ၂၀၂၃ခုနှစ် ဇူလိုင်လမှာပဲ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး အပိုထပ်ဆောင်း တစ်နှစ်တိုးခွင့် ရှိပေမယ့် လာမယ့် ဇန်နဝါရီလမှာပဲ အင်္ဂလန်ပြင်ပ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို ဆွေးနွေးနိုင်တော့မှာဖြစ်လို့ ပီအက်စ်ဂျီဘက်က ဒီအခွင့်အရေးကို အသုံးချသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football London

ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ရပ်ရှ်ဖို့ဒ်ကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးခံမှာမဟုတ်ပဲ သက်တမ်းတိုးနိုင်ဖို့ကိုသာ ကြိုးပမ်းသွားမှာဖြစ်ပြီး တကယ်လို့ ဒီကြိုးပမ်းမှုကို ရပ်ရှ်ဖို့ဒ်ဘက်က လက်မခံခဲ့ရင်တော့ ဒါဟာ ပီအက်စ်ဂျီအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ပီအက်စ်ဂျီကတော့ သူတို့ရဲ့ ပစ်မှတ် ရပ်ရှ်ဖို့ဒ်ကို အရ ခေါ်ယူသွားနိုင်ဖို့အတွက် တစ်ပတ်လုပ်ခအဖြစ် ပေါင်(၈၅၀၀၀၀)အထိ အသုံးပြုသွားဖို့ စီစဉ်နေပြီး ဒီပမာဏက လက်ရှိ ယူနိုက်တက်မှာ ရရှိနေတဲ့ လစာထက်လည်း (၄)ဆလောက်ကို များပြားနေတာကြောင့် ရပ်ရှ်ဖို့ဒ်အတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်ကတော့ သူ့လက်အောက်မှာ ခြေစွမ်းပိုင်း တိုးတတ်လာခဲ့ပြီး အလားအလာကောင်းတွေ ရှိနေတဲ့ ရပ်ရှ်ဖို့ဒ်ကို အသင်းပြောင်းဖို့ထက် ယူနိုက်တက်မှာပဲ ဆက်လက် ရှိနေဖို့ တိုက်တွန်းထားခဲ့သလို ဘာပေနဲ့ ခိုင်းနှိုင်းမှုတွေပါ လုပ်ဆောင်ထားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့ အနာဂတ်က ကစားသမားကိုယ်တိုင်သာ ဆုံးဖြတ်ချက်ချသွားမှာဖြစ်လို့ ရပ်ရှ်ဖို့ဒ်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ စောင့်ကြည့်ရလိမ့်မယ်လို့ ပြောဆိုထားခဲ့ပါတယ်။

Exit mobile version