ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ဂျူဗင်တပ်ကို အဝေးကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့သာ အနိုင်ရခဲ့တာကြောင့် အုပ်စုဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ၁၆သင်း ရှုံးထွက်အဆင့်မှာပဲ ပွဲကျပ် ကစားရဖို့ အခွင့်အလမ်း များနေပါတယ်။

ပီအက်စ်ဂျီက ယခုနှစ် ချန်ပီယံလိဂ် ဘောလုံးရာသီမှာ ဘင်ဖီကာ ၊ ဂျူဗင်တပ် ၊ မက္ကာဘီ စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ အလွယ်တကူပဲ အုပ်စုဗိုလ်နေရာကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် ပေါ်တူဂီ နာမည်ကြီးကလပ် ဘင်ဖီကာက ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီ နှစ်သင်းစလုံးကို ကျော်ဖြတ်ကာ အုပ်စုဗိုလ်နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ယနေ့မနက် အစောပိုင်းမှာ သူတို့အုပ်စုရဲ့ အုပ်စုနောက်ဆုံးပွဲတွေကို ကစားခဲ့ကြရာ ဘင်ဖီကာက မက္ကာဘီကို အဝေးကွင်းမှာ ၁-၆ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ပီအက်စ်ဂျီကတော့ ဂျူဗင်တပ်ကို အဝေးကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့သာ အနိုင်ရခဲ့ပါတယ်။

ဒါကြောင့်ပဲ အုပ်စုပွဲတွေ အားလုံး ပြီးဆုံးသွားချိန်မှာ ဘင်ဖီကာနဲ့ ပီအက်စ်ဂျီတို့က ရမှတ်တူ ၊ ဂိုးကွာခြားချက်တူ ၊ ရဂိုးတူ ဆိုတဲ့ အနေအထားမျိုးမှာ ရှိနေခဲ့ပြီး ဘင်ဖီကာက ပီအက်စ်ဂျီထက် အဝေးဂိုး ပိုမို များပြားခဲ့တာကြောင့်သာ အုပ်စု ပထမနေရာကို သိမ်းပိုက်သွားနိုင်ခဲ့တာပါ။

Photo Credit: Goal

မထင်မှတ်ပဲ အုပ်စု ဒုတိယနေရာကို ရသွားခဲ့တဲ့ ပီအက်စ်ဂျီကတော့ ၁၆သင်း ရှုံးထွက်အဆင့်မှာပဲ ဥရောပ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရကာ ပွဲကျပ် ကစားရဖို့ ၉၀ရာခိုင်နှုန်း သေချာနေပြီး ပီအက်စ်ဂျီက ၁၆သင်း ရှုံးထွက်အဆင့်မှာ နာပိုလီ ၊ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် ၊ ချယ်လ်ဆီး ၊ စပါး ၊ မန်ချက်စတာ စီးတီး ၊ ပေါ်တို စတဲ့ အသင်းတွေနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။

ပီအက်စ်ဂျီနဲ့ ရင်ဆိုင် တွေ့ရမယ့် အသင်းတွေ အနက် ပေါ်တို တသင်းထဲကသာ သူတို့အသင်းထက် အားနည်းတဲ့ အနေအထားမျိုးမှာ ရှိနေပြီး ပီအက်စ်ဂျီ ပရိသတ်တွေကတော့ ပေါ်တို ၊ စပါး ၊ ချယ်လ်ဆီး ၊ နာပိုလီ စတဲ့ အသင်းတွေနဲ့သာ တွေ့ဆုံချင်ကြောင်း လူမှုကွန်ယက်တွေပေါ်မှာ ရေးသားနေကြပါတယ်။