ပြင်သစ်လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီက မန်ချက်စတာ စီးတီးကနေ ယခု နွေဈေးကွက် အတွင်းမှာ ထွက်ခွာခွင့် ရထားတဲ့ ပေါ်တူဂီ ကွင်းလယ်ကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ စတင် ပြုလုပ်လာပြီး ဘာနာဒို ဆေးလ်ဗားအတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖို့ ပြင်ဆင်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times Sports သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားက ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ စီးတီးကနေ ထွက်ခွာဖို့ သတင်းကြီးနေသူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီးကနေ ထွက်ခွာပြီးနောက် သူ့ရဲ့ ငယ်ဘဝ အိမ်မက်ကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit: TYC Sports

ဘာစီလိုနာက ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသလို ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ၈၀သန်းကြား ပမာဏ တရပ်နဲ့ ဘာနာဒို ဆေးလ်ဗားအား ခေါ်ယူဖို့ မန်ချက်စတာ စီးတီးနဲ့ပါ ပဏာမ သဘောတူညီမှု တရပ် ရရှိထားပါတယ်။

ဒါပေမယ့် ဘာစီလိုနာက သူတို့အသင်းရဲ့ ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်အား မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းချနိုင်မှသာ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူနိုင်မှာ ဖြစ်ပြီး ယခုအချိန်မှာ မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်အား ခေါ်ယူဖို့ မကြိုးစားတော့တာကြောင့် သူတို့အသင်းအနေနဲ့ ဘာနာဒို ဆေးလ်ဗားအား ခေါ်ယူဖို့ အခက်တွေ့နေပါတယ်။

Photo Credit: TYC Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ဘာစီလိုနာရဲ့ ပစ်မှတ် ကစားသမား ဖြစ်သူ ဘာနာဒို ဆေးလ်​ဗားအား ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပီအက်စ်ဂျီဟာ ဘာနာဒို ဆေးလ်ဗားကို ပြောင်းရွှေ့ကြေး ပေါင် ၅၉သန်းနဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာကတော့ သူတို့အသင်းဟာ အသင်းမှာ မပျော်ရွှင်တဲ့ ကစားသမားကို အသင်းမှာ ဆက်မဆွဲထားချင်ကြောင်း ထုတ်ပြောထားတာကြောင့် ပီအက်စ်ဂျီအနေနဲ့ ဘာနာဒို ဆေးလ်ဗားနဲ့သာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ရင် ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူသွားနိုင်ဖွယ် ရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။