MySport Myanmar

လာမယ့်နွေဈေးကွက်မှာ နေမာကို ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ပီအက်စ်ဂျီ

ပြင်သစ်လီဂူးဝမ်း ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဂျီက သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ နေမာကို လာမယ့် နွေဈေးကွက်မှာ ရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် ၂၀၁၇ခုနှစ်မှာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်က လာမယ့် ၂၀၂၆ခုနှစ် ဘောလုံးရာသီ ကုန်ဆုံးမှသာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Doha News

ဒါပေမယ့် ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ အသစ် ကန်ပို့စ်က နေမာရဲ့ ခြေစွမ်းကို သဘောမကျပဲ ကန်ပို့စ်ဟာ နေမာကို ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ ရောင်းချဖို့ ကြိုးစားခဲ့ဖူးပြီး ဥရောပ ထိပ်သီးအသင်းတွေက နေမာလို လုပ်ခလစာမြင့် ကစားသမားကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးကာ မခေါ်ချင်တာကြောင့်သာ နေမာဟာ ပီအက်စ်ဂျီမှာ ဆက်နေဖြစ်ခဲ့တာပါ။

ပီအက်စ်ဂျီနဲ့ နီးစပ်သလို ပြင်သစ်ရဲ့ နာမည်ကြီး သတင်းဌာနတွေထဲက တခု ဖြစ်တဲ့ Le Parisien သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ နေမာကို ရောင်းချဖို့ ကြိုးစားခဲ့သလို လာမယ့် နွေဈေးကွက်မှာလည်း နေမာကို ရောင်းချဖို့ ထပ်မံ ကြိုးစားရန် ဆုံးဖြတ်ထားပြီး ဒီတကြိမ်မှာ နေမာကပါ အသင်းပြောင်းဖို့ စိတ်ဝင်စားနိုင်ကြောင်း သိရပါတယ်။

Photo Credit: Doha News

လက်ရှိမှာတော့ နေမာလို ပုံရိပ်မြင့် တိုက်စစ်မှူး တဦးကို ခေါ်ယူနိုင်တဲ့ အသင်းတွေ များများစားစား မရှိပဲ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် ၊ ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကသာ နေမာကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးကာ ခေါ်ယူနိုင်စွမ်း ရှိပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က အထောင်တိုက်စစ်မှူး စစ်စစ် တဦးကိုသာ ခေါ်ယူချင်နေတာကြောင့် နေမာရဲ့ အသင်းသစ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးတို့ထဲက တသင်း ဖြစ်နိုင်ပါတယ်။

Exit mobile version