ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက ယခုနှစ် ဘောလုံးရာသီ အစကမှ ပြောင်းရွှေ့ကြေး ယူရို ၆၅သန်းနဲ့ ခေါ်ယူရမယ့် ပေါ်တူဂီ တိုက်စစ်မှူး ဂွန်ကာလို ရာမို့စ်ရဲ့ ခြေစွမ်းကို သဘောမကျတာကြောင့် ရာမို့စ်ကို ရောင်းချမယ့် ကစားသမားစာရင်းထဲ ထည့်သွင်းလိုက်ကြောင်း ပြင်သစ်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၂နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂွန်ကာလို ရာမို့စ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ဘင်ဖီကာ ကနေ ပီအက်စ်ဂျီထံ တရာသီအငှား + ရာသီကုန်မှာ ယူရို ၆၅သန်းနဲ့ မဖြစ်မနေ အပြီးသတ် ခေါ်ယူရမယ် ဆိုတဲ့ သဘောတူညီချက်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Pinterest

ဂွန်ကာလို ရာမို့စ်က ဘင်ဖီကာနဲ့ ပေါ်တူဂီအတွက် ကစားပေးခဲ့ချိန်မှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီထံ ရောက်ရှိပြီးနောက် သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရကာ ယခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၁၉ပွဲ ကစားထားရာ သွင်းဂိုး ၄ဂိုးထဲသာ သွင်းယူထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ အင်းနရစ်က ဂွန်ကာလို ရာမို့စ်ရဲ့ ခြေစွမ်းကို သဘောမကျကြောင်း အသင်းရဲ့ တာဝန်ရှိသူတွေဆီ အသိပေးခဲ့ပြီး ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေကလည်း ဂွန်ကာလို ရာမို့စ်ရဲ့ ခြေစွမ်းနဲ့ အနာဂတ်ကို သုံးသပ်မှုတွေ လုပ်ခဲ့ပါတယ်။

 

Photo Credit: Goal

နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ L’equipeရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း ပေးကာ အပြီးသတ် ခေါ်ယူရမယ့် ဂွန်ကာလို ရာမို့စ်ကို ယခု ဆောင်းဈေးကွက်မှာပဲ ရောင်းချချင်နေပြီး ပီအက်စ်ဂျီဟာ ရာမို့စ်အတွက် မြင့်မားတဲ့ ကမ်းလှမ်းမှုတွေ ရရှိဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ဈေးကွက်ထဲမှာ တိုက်စစ်မှူး ရှာပုံတော် ဖွင့်နေပေမယ့် ဂွန်ကာလို ရာမို့စ်ကို အပြီးသတ် ခေါ်ယူဖို့ စိတ်မဝင်စားကြသေးပဲ ပီအက်စ်ဂျီကသာ ရာမို့စ်ကို အငှားစေလွှတ်ဖို့ သဘောတူခဲ့မယ် ဆိုရင် ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ နှစ်သင်းစလုံးက ရာမို့စ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားလာနိုင်ပါတယ်။