ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ လုပ်ဆောင်လျက်ရှိနေတဲ့ ပြင်သစ်လီဂူး အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ လေတ်တလောမှာလည်း အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို မန်ချက်စတာယူနိုက်တက်အသင်းကနေ ခေါ်ယူသွားနိုင်ဖို့အတွက် အရင်ဦးဆုံး အသင်းက ကစားသမားတချို့ကို ရောင်းထုတ်သွားဖို့ လိုအပ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football 365

ပီအက်စ်ဂျီအသင်းဟာ ဒီနှစ်ရဲ့ နွေရာသီအပြောင်းအရွေ့ စျေးကွက်အတွင်းမှာပဲ နယ်သာလန် ကွင်းလယ်လူ ဝိုင်နယ်ဒမ်း မော်ရိုကို နောက်ခံအစွန်လူ ဟာခီမီနဲ့ စပိန်ဝါရင့် နောက်ခံလူကြီး ရာမို့စ်တို့ကို ခေါ်ယူထားနိုင်ခဲ့တဲ့အပြင် အီတလီဂိုးသမား ဒွန်နာရမ်မာကိုလည်း ယူရို-၂၀၂၀ပြိုင်ပွဲအပြီးမှ ခေါ်ယူသွားဦးမှာဖြစ်ပါတယ်။ ဒီလို ကစားသမားများစွာကို ခေါ်ယူထားတဲ့ ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ လူခေါ်မှုကို ဆက်လက်လုပ်ဆောင်သွားချင်နေသေးပြီး လက်ရှိမှာလည်း ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ပေါ့ဘာကိုပါ အရခေါ်ယူချင်နေပါတယ်။

Photo Credit : Football 365

ယူရို-၂၀၂၀ပြိုင်ပွဲအတွင်း ပြင်သစ်လက်ရွေးစင်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသလို့ထားတဲ့ ပေါ့ဘာကို ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌဖြစ်သူ အယ်ခါလိုင်ဖီကိုယ်တိုင် အလိုရှိနေတာဖြစ်ပြီး ပေါ့ဘာလို အရည်အသွေးမြင့်မားတဲ့ ကစားသမားကောင်းတစ်ဦးနဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားမြင့်တင်ချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာ ကစားသမား ခေါ်ယူမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်လို့ အသင်းရဲ့ ဘဏ္ဍာရေးဟန်ချက် ညီမျှနေစေဖို့အတွက် ကစားသမားတချို့ကို အရင်ဆုံး ရောင်းထုတ်သွားဖို့ လိုအပ်နေပြီး ပေါ့ဘာသာ ရောက်ရှိလာရင် သေချာပေါက် နေရာပျောက်ဆုံးနိုင်တဲ့ ကွင်းလယ်လူဂေးယီကို ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ လတ်တလော ထွက်ပေါ်နေတဲ့ ပြင်သစ်နာမည်ကျော် L’Equipe သတင်းစာရဲ့ သတင်းဖော်ပြချက်တွေအရ ပီအက်စ်ဂျီအသင်းအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ပေါ့ဘာရဲ့ အပြောင်းအရွေ့အတွက် အပြီးသတ် လုပ်ဆောင်သွားဖွယ် ရှိလို့နေပြီး ကစားသမားကိုယ်တိုင်ကလည်း ပြင်သစ်မြေမှာ ဘောလုံးပြန်ကစားချင်နေတဲ့အတွက် ပီအက်စ်ဂျီဆီ ပြောင်းရွေ့ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဘက်တော့ ပေါ့ဘာကို အသင်းကနေ ရောင်းမချသွားချင်ပေမယ့် အသင်းမှာ ဆက်လက်ထားမယ်ဆိုရင်လည်း သက်တမ်းတိုးလို့မရနိုင်တဲ့အခါမှာ လာမယ့်နှစ်အတွင်း အလွတ်ပြောင်းရွေ့ကြေးနဲ့ ဆုံးရှုံးရဖွယ် ရှိနေတာကြောင့် ဒီနွေမှာပဲ ပေါင်သန်း(၆၀)ဝန်းကျင်လောက်နဲ့ ရောင်းချသွားနိုင်ပါတယ်။