ပြင်သစ်လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီဟာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ အင်္ဂလန် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ကာ အသင်းရဲ့ အဓိက ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ပုံမှန် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူပါ။

Photo Credit: Euro Sports

ရက်ဖို့ဒ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ပြီး ၅ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ရက်ဖို့ဒ်ရဲ့ ခြေစွမ်းဟာ ယခုနှစ် ဘောလုံးရာသီမှာ သိသိသာသာ ကျဆင်းနေတာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြဖြစ်သူ ရန်းဂ်နစ်က သူ့ကို နောက်ပိုင်းပွဲတွေမှာ လူစားဝင် ကစားသမား အဖြစ်သာ အသုံးပြုနေပြီး ရက်ဖို့ဒ်ကတော့ လူစားဝင် ကစားသမား အဖြစ် ပါဝင် ကစားနေရတဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး မပျော်မရွှင် ဖြစ်နေကာ အသင်းကနေ ထွက်ခွာဖို့ စတင် စဉ်းစားနေပါတယ်။

Photo Credit: Euro Sports

ရက်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး လက်ရှိမှာတော့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီ အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်း အများစုက ရက်ဖို့ဒ်ကို ခေါ်ယူဖို့ အတွက် စောင့်ကြည့်နေကြကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနကတော့ ပီအက်စ်ဂျီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေကို လက်လွှတ်ရဖို့ ရှိနေတာကြောင့် ရက်ဖို့ဒ်ကို ပြန်လည် ခေါ်ယူချင်နေပြီး ရက်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် သုံးစွဲဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။