ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို ခေါ်ယူဖို့ စီစဉ်နေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အမ်ဘာပေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ ရှိနေတာကြောင့် ပင်ကိုယ် အရည်အသွေး မြင့်မားကာ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး တဦး ဖြစ်သူ မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

Photo Credit: Express

အသက် ၂၆နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပေမယ့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းထံ ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒို ရောက်ရှိလာမှုကြောင့် ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေပြီး ပုံမှန် ပွဲထွက်ခွင့် ရရှိမယ့် အသင်းတသင်းထံ ပြောင်းရွှေ့ချင်နေသူပါ။

နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ RMC Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ မာရှယ်ကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေပြီး အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ အမ်ဘာပေရဲ့နေရာ အတွက် မာရှယ်က အသင့်တော်ဆုံး အစားထိုးမှု တခု အဖြစ်လည်း ရှုမြင်ထားကြောင်း သိရပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ မာရှယ်ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းလိုပေမယ့် သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရလာမယ် ဆိုရင် မာရှယ်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး မာရှယ်အတွက် ဝယ်ရင်းဈေး ဖြစ်တဲ့ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် ပြန်လည် ရရှိလိုနေကြောင်း မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်သူတွေက ပြောကြားထားကြပါတယ်။