ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့ အင်အားအတောင့်တင်းဆုံး ထိပ်တန်းကလပ်အသင်းကြီးဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမား မာရိုအီကာဒီနဲ့ ဘာစီလိုနာအသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီး ဆာဂျီယိုအဂွဲရိုးတို့ကို ကစားသမားချင်း အလဲအထပ် လုပ်ဆောင်သွားချင်နေပြီး မက်ဆီကလည်း ပီအက်စ်ဂျီမှာ အဂွဲရိုးနဲ့ တွဲဖက်ကစားချင်နေတယ်လို့ စပိန်သတင်းစာ El Nacional ကနေ ဖော်ပြလာပါတယ်။

Photo Credit : Today in 24 English

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနား ဝါရင့်တိုက်စစ်ကစားသမားကြီး အဂွဲရိုးဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ မန်စီးတီးကနေ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒဏ်ရာပြသာနာတချို့နဲ့ပါ ရင်ဆိုင်နေရတာဖြစ်လို့ မနေ့ညက ကစားသွားခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ လာလီဂါပွဲစဉ်မှသာ အသင်းအတွက် စတင်ကစားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဂွဲရိုးဟာ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ ဘာစီလိုနာအသင်းကိုပဲ ရွေးချယ်လိုက်ရခြင်းဟာ သူရဲ့လက်ရွေးစင် အသင်းဖော်မက်ဆီနဲ့ တွဲဖက်ကစားဖို့အတွက် ဖြစ်ပေမယ့်လည်း မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ကြား သက်တမ်းတိုးဖို့ အဆင်မပြေနိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ မက်ဆီလည်း ဘာစီလိုနာကနေ ထွက်ခွာခဲ့ရပြီး ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့သွားခဲ့ရပါတယ်။

Photo Credit : Reddit

ဒါပေမယ့် စပိန်သတင်းစာ El Nacional ကနေ ဖော်ပြလာချက်တွေအရ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီက သူရဲ့သူငယ်ချင်းဖြစ်သူ အဂွဲရိုးနဲ့ တွဲဖက်ကစားချင်တာကြောင့် ပီအက်စ်ဂျီအသင်းအနေနဲ့ အဂွဲရိုးကို ကမ်းလှမ်းပေးဖို့ တောင်းဆိုလာခဲ့ရာ ပီအက်စ်ဂျီဘက်က အသင်းနဲ့ အဆင်မပြေ ဖြစ်လို့နေတဲ့ တိုက်စစ်ကစားသမား အီကာဒီနဲ့ ကစားသမားချင်း အလဲအထပ် လုပ်ဆောင်သွားဖို့ စီစဉ်လာခဲ့ပါတယ်။ အီကာဒီက အရည်အသွေးပြည့်ဝတဲ့ တိုက်စစ်ကစားသမားကောင်းတစ်ဦး ဖြစ်ပေမယ့်လည်း မက်ဆီနဲ့ ဆက်ဆံရေးပိုင်း အဆင်မပြေတဲ့သူ ဖြစ်နေသလို ပီအက်စ်ဂျီမှာလည်း မက်ဆီ နေမာ ဘာပေတို့ကို ကျော်လွန်ပြီး နေရာတစ်နေရာရဖို့ ခက်ခဲနေသူလည်း ဖြစ်နေတာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ဖို့ နီးစပ်နေရတာလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ အီကာဒီကို အသုံးချပြီး အသင်းမှာ မက်ဆီ နေမာ အဂွဲရိုးဆိုတဲ့ တောင်အမေရိက တိုက်စစ်အတွဲအဖက်ကို ပုံဖော်သွားဖို့ ပီအက်စ်ဂျီဘက်ကနေ စီစဉ်လာခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။