ပြင်သစ်လီဂူးရဲ့ ပြိုင်ဘက်မရှိတဲ့အသင်း တစ်သင်းအဖြစ် ရပ်တည်နေတဲ့ ပီအက်စ်ဂျီ အသင်းကတော့ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သတ်ပြီး ကြီးမားတဲ့ ပြောင်းလဲမှုတွေကို လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ပြင်သစ် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လာမယ့် အပြောင်းအရွှေ့မှာ အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ကာဗာနီကို အသင်းကနေ ထွက်ခွာခွင့် ပြုသွားဖို့ရှိနေသလို အင်တာမီလန် အသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ အိုင်ကာဒီကိုလည်း အငှားစာချုပ်ကုန်ဆုံးတာနဲ့ အင်တာမီလန်အသင်းထံ ပြန်လည်စေလွှတ်မှာဖြစ်ကာ အသင်းရဲ့ အဓိကတိုက်စစ်မှူး နေမာကိုလည်း ဘာစီလိုနာအသင်းထံ ရောင်းချဖို့ စဉ်းစားနေပါတယ်။

Photo Credit: Metro.com

လက်ရှိမှာတော့ အီတလီရဲ့နာမည်ကြီး သတင်းစာအချို့က ပီအက်စ်ဂျီအသင်းဟာ နေမာ ၊ ကာဗာနီ ၊ အိုင်ကာဒီတို့ကို အသင်းမှ ထွက်ခွာခွင့်ပြုပြီးသွားရင် အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူသွားမယ်လို့ ဖော်ပြသွားခဲ့ကြပါတယ်။ အသက်၃၀နှစ်အရွယ် ဂါဘွန်သားကြီး အူဘာမီယန်းဟာ လက်ရှိရာသီ ကုန်ဆုံးပြီးပါက အာဆင်နယ်အသင်းနဲ့ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းက စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေခဲ့ပေမယ့် လက်ရှိအထိ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်ခြင်း မရှိသေးသလို အူဘာမီယန်းဘက်ကလည်း အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့်ပြီးမှသာ အသင်းမှာ ဆက်ရှိနေမယ် ၊ မရှိနေဘူးဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

Photo Credit: Metro.com

အာဆင်နယ်ရဲ့ နည်းပြ အာတီတာကတော့ အူဘာမီယန်းကို ဆုံးရှုံးလိုခြင်းမရှိပဲ အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ အူဘာမီယန်းကို စာချုပ်သစ်ချုပ်ဆိုဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ကို ဆော်ဩထားပါတယ်။ အသက်၃၀နှစ်အရွယ် အူဘာမီယန်းဟာ လက်ရှိဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ပွဲ ပါဝင်ကစားပေးထားရာမှာ ၁၇ဂိုး သွင်းယူပေးထားပြီး ၂ဂိုးဖန်တီးပေးထားနိုင်သူ ဖြစ်ကာ သူ့ရဲ့သွင်းဂိုးတွေကို ဖယ်ထုတ်လိုက်ရင် အာဆင်နယ်အသင်းဟာ လက်ရှိ ရပ်တည်နေတဲ့ အဆင့်၉နေရာကနေ လျှောကျသွားမှာ သေချာပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေကတော့ အာဆင်နယ်အသင်းဟာ အသက်အရွယ်ရလာတဲ့ အူဘာမီယန်းကို မြင့်မားတဲ့လစာငွေ ပေးချေကာ စာချုပ်သစ်ချုပ်ဆိုဖို့ လက်တွန့်နေကြောင်း သုံးသပ်ထားကြပြီး ပီအက်စ်ဂျီအသင်းကသာ ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ရင် အာဆင်နယ်အသင်းဟာ ကျိန်းသေ ရောင်းချသွားမှာဖြစ်တယ်လို့ ရှုမြင်နေပါတယ်။

Photo Credit: Metro.com