ယူရိုပါလိဂ်ပြိုင်ပွဲက ဆီမီးဖိုင်နယ်ပွဲစဉ်နှစ်ပွဲကို ကျင်းပလို့အပြီး အားလုံးစောင့်စားနေကြတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲတွေ ပြန်လည်ခံစားရတော့မှာဖြစ်ပါတယ်။ ဒီနေ့ည တစ်နာရီခွဲအချိန်မှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့က ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အတော်လေးကို ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလို့နေတဲ့ ဒီပွဲစဉ်ရဲ့အကြောင်းတွေကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : ESPN

ပီအက်စ်ဂျီအသင်းက ကွာတားဖိုင်နယ်အဆင့်မှာ အတ္တလန်တာအသင်းကို နောက်ဆုံးမိနစ်ထိ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ကျော်ဖြတ်လာခဲ့တာဆိုပေမယ့် အခုပွဲမှာတော့ ဘာပေက ပွဲချိန်ပြည့်ကစားနိုင်ပြီလို့ တိုက်စစ်အင်အားက ထက်မြက်လာတော့မှာ သေချာပါတယ်။ အသင်းရဲ့အဓိကဂိုးသမား ကေလာနာဗက်စ် ဒဏ်ရာရသွားခဲ့တာပဲ အသင်းအတွက် နစ်နာမှုတစ်ခု ဖြစ်နေခဲ့ရပြီး ကွင်းလယ်နဲ့ခံစစ်ပိုင်းမှာလည်း လိုအပ်ချက်အနည်းငယ်လောက် ရှိနေတာမို့ တိုက်စစ်ကိုပဲ ပိုပြီးအားထားလာရမှာပါ။ ကွင်းလယ်မှာကတော့ ဗာရက်တီက ဒဏ်ရာကနေ မသက်သာသေးသလို ဂေးယီကပါ ဒဏ်ရာကြောင့် ပါဝင်ကစားဖို့ မသေချာသေးတဲ့အတွက် ကွင်းလယ်ပိုင်းကလည်း အနည်းငယ် အားနည်းနိုင်ပါတယ်။

Photo Credit : ESPN

ကွာတားဖိုင်နယ်မှာ အသက်လက်တီကိုမက်ဒရစ်လို ဥရောပရဲ့အင်အားကြီးအသင်းကြီးတစ်သင်းကို ကျော်ဖြတ်ခဲ့တဲ့ လိုက်ပ်ဇစ်ရဲ့ခြေစွမ်းခြေစတွေကိုလည်း လျှော့တွက်လို့ မရပါဘူး။ တိုက်စစ်အားကောင်းလှပြီး ဒီရာသီမှာလည်း ဘိုင်ယန်မြူးနစ်လို တိုက်စစ်အားကောင်းလှတဲ့ အသင်းမျိုးကြီးနဲ့ နှစ်ကြိမ်ဆုံတွေ့ခဲ့ရာမှာ နှစ်ကြိမ်လုံး မရှံးနိမ့်ရအောင် ကစားနိုင်ခဲ့ပါသေးတယ်။ အသင်းရဲ့တိုက်စစ်မှာ ဝါနာမရှိတော့ပေမယ့် ကစားသမားတိုင်းက ဂိုးသွင်းယူနိုင်တဲ့ အရည်အချင်းရှိနေတာကြောင့်မို့ ဂိုးသမားနာဗက်စ်မပါဝင်နိုင်တဲ့ ပီအက်စ်ဂျီခံစစ်ကို ပြန်လည်ဒုက္ခပေးနိုင်ပါလိမ့်မယ်။

Photo Credit : Mackolik

ဒီပွဲက သာမာန်အတိုင်းသာဆိုရင် ပီအက်စ်ဂျီအသင်းပဲ အသာရပြီး နောက်တစ်ဆင့်တတ်သွားလိမ့်မယ်လို့ ထင်ကောင်းထင်ရနိုင်ပေမယ့် ဒီအဆင့်ထိကို တတ်လှမ်းလာတဲ့ ဘယ်အသင်းကိုမဆို အထင်သေးလို့မရဘူးဆိုတာကို အရှေ့ကပွဲတွေမှာလည်း မြင်တွေ့ခဲ့ရမှာပါ။ နည်းစနစ်ပိုင်း အားသာလှတဲ့ ဂျာမန်လူမျိုးနှစ်ယောက် တနည်းအားဖြင့်ဆိုရရင် ဆရာတပည့်ဟောင်းနှစ်ယောက်ရဲ့ဆုံတွေ့မှုက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းမှာတော့ အသေအချာပါပဲ။ ဒါပေမယ့် လိုက်ပ်ဇစ် အခုရင်ဆိုင်ရမယ့်အသင်းက အသက်လက်တီကိုလို ခံစစ်ကို အသားပေးကစားတဲ့ အသင်းမျိုးမဟုတ်ပဲ သူတို့ရဲ့ခံစစ်ကိုသာ ပွဲချိန်ပြည့် ဖိအားပေးနိုင်မယ့် ပီအက်စ်ဂျီအသင်းဖြစ်တာမို့ လိုက်ပ်ဇစ်ရဲ့ဥရောပခရီးစဉ်က ဆီမီးဖိုင်နယ်အဆင့်နဲ့ ရပ်တန့်သွားရလိမ့်မယ်လို့ ထင်မိပါတယ်။