ပြင်သစ်အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ တိုက်စစ်မှူး မားကပ်ရက်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် ကြိုးစားနေတယ်လို့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ The Independent က ဖော်ပြသွားခဲ့ပါတယ်။ The Independent သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်ဟာ မားကပ်ရက်ဖို့ဒ်ကို အတော်လေး သဘောကျ နှစ်ခြိုက်နေကြောင်းနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့ အသင်းရဲ့ တိုက်စစ် ကစားသမားတွေ ထွက်ခွာမယ့် အနေအထားမှာ ရှိနေတာကြောင့် ရက်ဖို့ဒ် ကို ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Metro

အသက်၂၂နှစ်အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် တိုက်စစ်မှူး မားကပ်ရက်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦး ဖြစ်သလို လက်ရှိ ဘောလုံးရာသီမှာလည်း တွဲဖက် တိုက်စစ်မှူး မာရှယ်နဲ့အတူ ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသထားနိုင်သူပါ။ မားကပ်ရက်ဖို့ဒ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၈ပွဲ ပါဝင် ကစားထားရာမှာ ၁၆ဂိုး သွင်းယူထားပြီး ၆ဂိုး ဖန်တီး ပေးထားနိုင်တာကြောင့် သူ့ရဲ့ ခြေစွမ်းပိုင်းဟာ ထိပ်တန်းအဆင့် တစ်ခုမှာ ရှိတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရတော့ ပီအက်စ်ဂျီနည်းပြ တူချယ် ဟာ မားကပ်ရက်ဖို့ဒ်ရဲ့ အမာခံ ပရိသတ် တစ်ဦး ဖြစ်တာကြောင့် ရက်ဖို့ဒ်ကို ပီအက်စ်ဂျီအသင်း ထံ ခေါ်ယူဖို့ အလွန်အမင်း ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Photo Credit: Metro

The Independent သတင်းဌာနရဲ့ အဆိုအရ ပီအက်စ်ဂျီအသင်းဟာ မားကပ်ရက်ဖို့ဒ်ကို ယူရို ၁၁၀သန်းပေးချေကာ ခေါ်ယူဖို့ ပြင်ဆင်ထားကြောင်းနဲ့ မန်ယူအသင်း ဘက်ကတော့ ရက်ဖို့ဒ် အတွက် ကမ်းလှမ်းမှုများကို လက်မခံဖို့ စဉ်းစားထားဖွယ် ရှိကြောင်း သိရပါတယ်။ ဥရောပရဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ကတော့ ပီအက်စ်ဂျီအသင်းဟာ နေမာနဲ့ အမ်ဘာပေ နှစ်ဦးထဲက တစ်ဦးကိုသာ ရောင်းချခဲ့ပါက ရက်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးစားနေမှုအား အရှိန်မြှင့်ဖွယ် ရှိနေတယ်လို့ သုံးသပ်ထားကြပြီး မားကပ်ရက်ဖို့ဒ် ကသာ ပီအက်စ်ဂျီအသင်းထံကို ပြောင်းရွှေ့ဖို့ ဆန္ဒ ရှိပါက အပြောင်းအရွှေ့ဟာ ကျိန်းသေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ပြင်သစ်အခြေစိုက် သတင်းထောက်တွေက ခန့်မှန်းထားခဲ့ပါတယ်။ ကဲ ပရိသတ်ကြီးကရော မားကပ်ရက်ဖို့ဒ်ဟာ ပီအက်စ်ဂျီအသင်းဆီ ပြောင်းသွားလိမ့်မယ်လို့ ထင်ကြလားဗျ….။