MySport Myanmar

ဟွိုင်လန်းနဲ့ ဟယ်ရီကိန်းတို့ကို မရခဲ့လို့ မူအာနီကို ပြောင်းလဲ ခေါ်ယူမယ့် ပီအက်စ်ဂျီ

ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ ပစ်မှတ် တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဟွိုင်လန်း ၊ ဟယ်ရီကိန်းတို့လို တိုက်စစ်မှူးတွေကို မခေါ်နိုင်ခဲ့တာကြောင့် ဖရန့်ဖတ် တိုက်စစ်မှူး မူအာနီကို ပြောင်းလဲ ခေါ်ယူရန် ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ပီအက်စ်ဂျီက ယခု နွေဈေးကွက် အတွင်းမှာ ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို လက်လွှတ် ဆုံးရှုံးခဲ့ရသလို နောက်ထပ် ကြယ်ပွင့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ အမ်ဘာပေနဲ့ နေမာတို့ရဲ့ အနာဂတ်တွေကလည်း မရေရာတာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းကို သွေးသစ်လောင်းဖို့ ဆုံးဖြတ်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Sports Buzzer

လက်ရှိမှာတော့ ပီအက်စ်ဂျီက သူတို့ရဲ့ တောင်ပံတိုက်စစ် အတွက် အားဖြည့်မှု အဖြစ် ဘာစီလိုနာရဲ့ တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးစားနေပြီး ဒမ်ဘီလီကလည်း ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ သဘောတူထားပါတယ်။

ပီအက်စ်ဂျီက ဒမ်ဘီလီကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေသလို တဖက်မှာလည်း အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင် ကစားမယ့် အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး ပီအက်စ်ဂျီရဲ့ ပစ်မှတ် ဖြစ်လာတဲ့ တိုက်စစ်မှူးကတော့ ဖရန့်ဖတ် တိုက်စစ်မှူး မူအာနီပါပဲ။

Photo Credit: Goal

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး မူအာနီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖရန့်ဖတ် ၊ ပြင်သစ်တို့နဲ့ အတူ တောက်ပခဲ့တဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး မူအာနီက ဖရန့်ဖတ် အတွက် ပြိုင်ပွဲစုံမှာ ၄၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၃ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ L’equipeရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက မူအာနီကို ခေါ်ယူဖို့ ကစားသမားနဲ့ရော ၊ ဖရန့်ဖတ်နဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဖရန့်ဖတ်က မူအာနီအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း တောင်းဆိုထားပေမယ့် ပီအက်စ်ဂျီက ယူရို ၈၀သန်းလောက်နဲ့ မူအာနီကို ခေါ်ယူနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။

Exit mobile version