ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေဆဲ ဖြစ်ကြောင်း အတည်ပြု သွားခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ် ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုလ ၃၀ရက်နေ့မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်ပြီး ဘာစီလိုနာအသင်း အနေနဲ့ အဆိုပါ နေ့ရက်မတိုင်မီ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိပါက မက်ဆီဟာ သူနှစ်သက်တဲ့ အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်မှာလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေသလို မက်ဆီကလည်း ဘာစီလိုနာအသင်းမှာ ဆက်လက် ရှိနေဖို့ စိတ်ဆန္ဒရှိကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒါပေမယ့် မက်ဆီကို အသင်းမှာ ဆက်လက် ထိန်းထားနိုင်ဖို့ ဘာစီလိုနာအသင်းဟာ အသင်းကို လူအင်အား ဖြည့်တင်းမှုများစွာ ပြုလုပ်ဖို့ လိုအပ်နေပြီး ပြင်သစ် အခြေစိုက် သတင်းဌာနတွေကတော့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့လည်း အပြောင်းအရွှေ့ ကိစ္စရပ်တွေ ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ဆိုပါတယ်။ လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ အယ်-ခါလိုင်ဖီက သူတို့အသင်းဟာ မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေဆဲ ဖြစ်ကြောင်းနဲ့ သူတို့အသင်းဟာ ထိပ်သီး ကစားသမားတွေ အားလုံးကို ဆွဲဆောင်နိုင်ကြောင်း အတည်ပြု သွားပါတယ်။

Photo Credit: Daily Mail

မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေဆဲ ဖြစ်ကြောင်းကို အယ်-ခါလိုင်ဖီက – “ကျွန်တော် ပြောချင်တာက ထိပ်သီး ကစားသမားတိုင်းဟာ ပီအက်စ်ဂျီအသင်းကို လာချင်တယ် ဆိုတာပါပဲ။ ထိပ်တန်း ကစားသမားတွေ အားလုံးကို ခေါ်ယူဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အသင်းမှာလည်း ထိပ်တန်း ကစားသမားတွေ ရှိနေလို့ပါ။ မက်ဆီရဲ့ အကြောင်းကို ပြောရရင်တော့ မက်ဆီဟာ အံ့အားသင့်စရာ ကောင်းတဲ့ ကစားသမားတဦးပါ။ မက်ဆီရဲ့ စာချုပ်က ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အသင်းတိုင်းမှာ မက်ဆီကို ခေါ်ယူဖို့ ဆွေးနွေးပိုင်ခွင့် ရှိသလို မက်ဆီကို လာမယ့်ရာသီ အတွက် စာချုပ် ချုပ်ဆိုနိုင်တဲ့ အကြောင်း လာပေါ်တာ (ဘာစီလိုနာဥက္ကဌ) ကို ကျွန်တော် ပြောခဲ့ပါတယ်” လို့ ပြောကြား သွားခဲ့တာပါ။