ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ကတော့ စပိန်အင်အားကြီး အသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ အသင်းခေါင်းဆောင်တွေ ဖြစ်တဲ့ ရာမို့စ်နဲ့ လီယွန်နယ် မက်ဆီတို့ နှစ်ဦးစလုံးကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။ အသက် ၃၄နှစ် အရွယ် စပိန်လက်ရွေးစင် အသင်းခေါင်းဆောင် ရာမို့စ်နဲ့ အသက် ၃၃နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီတို့ဟာ ယခု ဘောလုံးရာသီ အကုန်မှာ သက်ဆိုင်ရာ အသင်းတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတွေ ဖြစ်ပြီး မိမိနှစ်သက်ရာ အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်ကြမှာပါ။

Photo Credit: The  Sun

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ရာမို့စ်ကို ယခုလက်ရှိ ပေးချေနေတဲ့ လုပ်ခလစာ အတိုင်း ပေးချေကာ နောက်ထပ် ၁နှစ် ထပ်မံ သက်တမ်းတိုးဖို့ ကြိုးစား နေပေမယ့် ရာမို့စ်ကတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဉက္ကဌဖြစ်သူ ပီရက်ဇ်နဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ပီရက်ဇ်ဟာ ရာမို့စ်ကို အသင်းနဲ့ စာချုပ်သက်တမ်း တိုးလိုက တိုးနိုင်ကာ အသင်းက ကမ်းလှမ်းထားတဲ့ စာချုပ်ထက် ပိုမို များပြားတဲ့ လုပ်ခလစာ ပမာဏ ရရှိမယ် ဆိုပါက အခြား အသင်းတစ်သင်းထံ ပြောင်းရွှေ့နိုင်တယ် လို့ အသိပေး ထားကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ နီးစပ်သူတွေ ကတော့ ရာမို့စ်က ပီအက်စ်ဂျီအသင်း ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း ပီရက်ဇ်ကို အသိပေးခဲ့ကာ ပီအက်စ်ဂျီအသင်းဟာ ရာမို့စ်ကို အနည်းဆုံး ၂နှစ် သက်တမ်းရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်း ထားကြောင်း ဆိုထားကြပါတယ်။

Photo Credit: The  Sun

ယုံကြည်စိတ်ချရတဲ့ စပိန်သတင်းဌာန အများစုကတော့ ရာမို့စ်ဟာ သူ့ရဲ့ အနာဂတ် အကြောင်းကို သာမက မက်ဆီနဲ့ ပီအက်စ်ဂျီ အသင်းတို့ရဲ့ ချိတ်ဆက်မှု အကြောင်းကိုလည်း ပီရက်ဇ်ထံ ပြောပြခဲ့ပြီး ပီအက်စ်ဂျီ အသင်းဟာ မက်ဆီနဲ့ ရာမို့စ်တို့ နှစ်ဦးစလုံးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်း နေကြောင်း ဖော်ပြထားကြပါတယ်။ လက်ရှိမှာတော့ ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပြီး မက်ဆီကတော့ သူ့ရဲ့ အနာဂတ်ကို ဘာစီလိုနာ အသင်းရဲ့ ဉက္ကဌလောင်းနဲ့ ဆွေးနွေးပြီးမှသာ ဆုံးဖြတ်မှာ ဖြစ်ကာ အကယ်၍ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်မယ် ဆိုရင်တော့ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ဟာ မက်ဆီရဲ့ အဓိက ဦးစားပေး ဆုံးဖြတ်ချက် ဖြစ်ကြောင်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။