ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ အသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပေရဲ့နေရာ အတွက် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့လည်း ငြင်းဆိုထားတဲ့ ကစားသမား တဦး ဖြစ်ပြီး လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ချင်နေသူပါ။

Photo Credit: Mirror

တဖက်မှာလည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေ အတွက် ပီအက်စ်ဂျီအသင်းထံ တရားဝင် ကမ်းလှမ်းမှု ၂ကြိမ် ပြုလုပ်ထားပြီး ဒုတိယအကြိမ် ကမ်းလှမ်းမှုဟာ ယူရို ၁၈၀သန်း အထိ တန်ကြေး ရှိတာကြောင့် ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို လက်လွှတ်ဖို့ စဉ်းစားနေပါတယ်။

ပြင်သစ် အခြေစိုက် သတင်းဌာနတွေ ကတော့ ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို လက်လွှတ်ရပါက ပူပူနွေးနွေး ၂၀၂၀-၂၀၂၁ ချန်ပီယံလိဂ် ဘောလုံးရာသီရဲ့ အကောင်းဆုံး တိုက်စစ်မှူးဆုရှင် ဟာလန်းကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဟာလန်းအတွက် ပထမဦးဆုံး အကြိမ် တရားဝင် ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ဆိုပါတယ်။

Photo Credit: Mirror

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ ဟာလန်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဟာလန်းရဲ့အေးဂျင့် ရိုင်းအိုလာထံ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေကာ ဟာလန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်း ဝန်းကျင် အထိ ပေးချေနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။

ဒေါ့မွန်အသင်းကတော့ ဟာလန်းကို ဒီနွေရာသီမှာ လက်လွှတ်လိုခြင်း မရှိပေမယ့် ပီအက်စ်ဂျီအသင်းကသာ ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်းနဲ့ ကမ်းလှမ်းလာပါက ဟာလန်းကို လက်လွှတ်ဖွယ် ရှိပြီး ဟာလန်းရဲ့နေရာ အတွက် အစားထိုး တိုက်စစ်မှူး တဦးကို စတင် ရှာဖွေနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။