ပြင်သစ်အင်အားကြီး အသင်း တစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်အသင်းရဲ့ စပိန် ညာနောက်ခံလူ ဘယ်လာရင်ကို ခေါ်ယူဖို့ အတွက် စတင် ဆွေးနွေးနေပြီ လို့ ပြင်သစ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်း ဟာ တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပေမယ့် ခံစစ်ကြောင်းမှာတော့ လူအင်အား နည်းပါး နေပြီး အထူးသဖြင့် ညာတောင်ပံခံစစ် မှာ ကစားနေတဲ့ ကစားသမားတွေဟာ ထိပ်တန်း အဆင့်မှာ ရှိမနေတာကြောင့် ဘယ်လာရင်ကို ခေါ်ယူဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

Photo Credit: PSG Talk

အသက် ၂၅နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လာရင် ဟာ လာမာစီယာ အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီး အာဆင်နယ် အသင်းမှာ ရှိနေခဲ့တာဟာ ၂၀၁၁ ခုနှစ်ကထဲက ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဘယ်လာရင်ဟာ အာဆင်နယ်အသင်းရဲ့ သက်တော်ရှည် ကစားသမားတွေထဲက တစ်ဦးလို့ ပြောလို့ရနိုင်ပြီး လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ဘယ်လာရင်ကို ရောင်းထုတ်ဖို့ ပြင်ဆင်လာပါတယ်။ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ဟာ ဘယ်လာရင်ကို အသင်းမှာ ဆက်ထိန်းထားချင်ပေမယ့် အသင်းရဲ့ ဘဏ္ဏာရေး အခြေအနေ ကြောင့် ဘယ်လာရင်ကို ရောင်းချပြီးမှသာ နောက်ထပ် ကစားသမားသစ်တွေကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: PSG Talk

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ ဘယ်လာရင်ကို ခေါ်ယူဖို့ အတွက် အာဆင်နယ်အသင်းနဲ့ စတင် ဆွေးနွေးနေပြီး ဘယ်လာရင် အတွက် အာဆင်နယ်အသင်းထံကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း + အပိုဆုကြေး ယူရို ၅သန်း စုစုပေါင်း ယူရို ၃၀ သန်း ပမာဏ ရှိတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ စတင် ကမ်းလှမ်းမယ် လို့ သိရပါတယ်။ ဘယ်လာရင် ဟာ အာဆင်နယ်အသင်းနဲ့ အတူ ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်းရှိသူ ဖြစ်ပေမယ့် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းထံကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး အာဆင်နယ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းကြားမှာသာ သဘောတူညီမှု ရဖို့လည်း မျှော်လင့်ထားကြောင်း သိရှိရပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ ဘယ်လာရင်တို့ရဲ့ အပြောင်းအရွှေ့ ကို နာမည်ကြီး သတင်းထောက် ဖြစ်သူ Fabrizio Romano ကလည်း အတည်ပြုထားခဲ့ပါတယ်။