ပြင်သစ်လီဂူး အင်အားကြီးအသင်း တစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေရာသီ စျေးကွက် အတွင်းမှာ လိုင်ယွန်အသင်း ကနေ ထွက်ခွာခွင့် ရရှိထားတဲ့ ပြင်သစ် ကွင်းလယ်လူ ဟူဆန် အာဝါကို ခေါ်ယူဖို့ ကြိုးပမ်းလာကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် ဟူဆန် အာဝါဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ သင့်တော်တဲ့ ကမ်းလှမ်းမှု တစ်ခုနဲ့ လိုင်ယွန်အသင်း ကနေ ထွက်ခွာခွင့် ရရှိထားသူ ဖြစ်ပြီး အခုချိန်မှာတော့ သူ့ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်အသင်းနဲ့ စီးရီးအေကလပ် ဂျူဗင်တပ်အသင်း တို့က ကြိုးစား နေကြပါတယ်။

Photo Credit: Metro

ကနဦး သတင်းတွေ အရ ဟူဆန် အာဝါဟာ အာဆင်နယ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘော တူညီမှု ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းထံ အနှေးနဲ့ အမြန် ပြောင်းရွှေ့လိမ့်မယ် လို့ ထင်မှတ် ထားခဲ့ပေမယ့် အာဆင်နယ်အသင်းဟာ လိုင်ယွန်အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးဖို့ လက်တွန့်နေတာကြောင့် လက်ရှိမှာတော့ အာဝါကို ရရှိဖို့ အတွက် ပီအက်စ်ဂျီအသင်း ၊ ဂျူဗင်တပ်အသင်း တို့နဲ့ ယှဉ်ပြိုင် သွားရတော့မှာပါ။ ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ L’Equipe သတင်းဌာနရဲ့ ဖော်ပြချက်အရ ယနေ့မနက် အစောပိုင်းမှာ ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌဖြစ်သူ ခါလိုင်ဖီဟာ အာဝါရဲ့ အပြောင်းအရွှေ့ အတွက် လိုင်ယွန်အသင်းရဲ့ ဥက္ကဌ အူလက်ထံ ဖုန်းဆက်ပြီး ချိတ်ဆက် လာခဲ့ကြောင်း သိရှိရပါတယ်။

Photo Credit: Metro

ပီအက်စ်ဂျီအသင်းဟာ လက်ရှိ အချိန်မှာ ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင် နေတဲ့ အသင်းဖြစ်ပြီး ခါလိုင်ဖီဟာ အူလက်ထံ ဖုန်းခေါ်ဆိုကာ အာဝါရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေး နေတာကြောင့် အပြောင်းအရွှေ့ဟာ အနှေးနဲ့ အမြန် ဖြစ်ပေါ်လာနိုင်ချေ ရှိနေပါတယ်။ လိုင်ယွန်အသင်းရဲ့ ဥက္ကဌ ဖြစ်သူ အူလက် ကတော့ အာဝါကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ သောကြာနေ့ မတိုင်မီ ခေါ်ယူဖို့ ကြိုးစားရမှာ ဖြစ်ကြောင်းနဲ့ သောကြာနေ့ကို ကျော်လွန် သွားတာနဲ့ အာဝါဟာ လိုင်ယွန်အသင်းမှာပဲ ဆက်ရှိနေရမှာ ဖြစ်ကြောင်း ပြောကြား ထားပြီး အာဝါ အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်း ဝန်းကျင် အလိုရှိကြောင်း အတည်ပြု ပြောကြား ထားပါတယ်။ လက်ရှိမှာတော့ ဘွတ်ကီဒိုင်တွေဟာ အာဝါအနေနဲ့ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလိမ့်မယ် ဆိုပြီး ထင်ကြေးပေးမှုတွေ ပြုလုပ် လာခဲ့ပါတယ်။