လက်ရှိ ဂျုဗင်တပ်စ်အသင်းမှာ ပါဝင်ကစားနေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အက်ဒရီယန်ရာဘီယော့ဟာ သူရဲ့ကလပ်အသင်းဟောင်း ပီအက်စ်ဂျီမှာ ရှိနေစဉ်တုန်းက အသင်းရဲ့ စာချုပ်သက်တမ်းတိုးမယ့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့လို့ ပီအက်စ်ဂျီဘက်ကနေ ရာဘီအော့ကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး အရန်အသင်းက ကစားသမားတွေနဲ့ လေ့ကျင့်ခန်းဆင်းခိုင်းမှုတွေ လုပ်ဆောင်ခဲ့တာ ဘောလုံးပရိသတ်တွေလည်း သိရှိကြလိမ့််မယ် ထင်ပါတယ်။

Photo Credit : Goal

အခုလည်း ပီအက်စ်ဂျီအသင်းဘက်ကနေ သူတို့ရဲ့ ကြယ်ပွင့်ကစားသမား ကီလီယန်အမ်ဘာပေကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေခဲ့ပေမယ့် ကစားသမားဘက်ကတော့ သက်တမ်းတိုးဖို့ လုံးဝဆန္ဒရှိမနေပဲ အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိသာ ပါဝင်ကစားသွားချင်တာကြောင့် ဘာပေကိုလည်း ရာဘီအော့လို ပုံစံမျိုးအတိုင်း အပြစ်ပေးသွားဖို့အထိပါ လုပ်ဆောင်လာနိုင်တယ်လို့ သိရပါတယ်။ ဘာပေဟာ ၂၀၂၂ခုနှစ်မှာပဲ အသင်းနဲ့ သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ ပီအက်စ်ဂျီဘက်ကနေ သက်တမ်းတိုးချင်နေတာဖြစ်ပေမယ့် ဘာပေက လုံးဝဆန္ဒမရှိပဲ အသင်းမှာ သက်တမ်းကုန်ချိန်ထိ ဆက်ကစားရင်း သက်တမ်းကုန်သွားချိန် အသင်းနဲ့ လမ်းခွဲချင်နေတာဖြစ်ပါတယ်။

Photo Credit : Marca

ဒါပေမယ့် ပီအက်စ်ဂျီဘက်ကတော့ ဘာပေလို တကယ့်အရည်အသွေးမြင့် ကမ္ဘာ့အဆင့်ရှိ တိုက်စစ်ကစားသမားတစ်ဦးကို ပြောင်းရွှေ့ကြေး လုံးဝမပါဝင်ပဲ လက်လွတ်သွားဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် အသင်းမှာ ဆက်ထိန်းထားလို့ မရနိုင်တော့ရင် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောင်းထုတ်ဖွယ် ရှိနေသလို တစ်ရာသီနီးပါးလုံး အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်တာမျိုးကိုပါ လုပ်ဆောင်လာနိုင်ပါတယ်။ လတ်တလောမှာတော့ ဘာပေကို ရီးယဲလ်မက်ဒရစ်အသင်းအပြင် လီဗာပူးလ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ဘာပေရဲ့ လက်ရှိတန်ကြေးအရဆိုရင်တော့ လီဗာပူးလ်ထက် ရီးယဲလ်က ဘာပေကို ခေါ်ယူနိုင်ဖို့ ပိုအခြေအနေကောင်းလို့နေပါတယ်။ လက်ရှိ ပြင်သစ်သတင်းမီဒီယာကြီးတွေရဲ့ ဖော်ပြချက်အရ ဘာပေဟာ ဒီနှစ်နွေမှာ အသင်းပြောင်းဖို့ထက် သူရဲ့လက်ရှိကလပ်မှာပဲ လက်ကျန်စာချုပ်သက်တမ်း တစ်နှစ်ကို ဆက်လက်ဖြတ်သန်းလိုနေပြီး သက်တမ်းကုန်ဆုံးချိန်မှသာ အသင်းနဲ့ လမ်းခွဲချင်နေတာဖြစ်တယ်လို့ သိရှိရပါတယ်။ အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာပဲ မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ အငှားနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အငှားစာချုပ်အပြီးမှာတော့ ပြောင်းရွှေ့ကြေး ယူရို(၁၄၅)သန်း+အပိုဆုကြေး ယူရို(၃၅)သန်း (၅)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်ပြည်တွင်းဆုဖလားအားလုံးကို ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဒုတိယနေရာကို ရယူနိုင်ခဲ့သလို ပြင်သစ်အသင်းနဲ့လည်း ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။