ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းဟာ ယခုရက်ပိုင်း အတွင်းမှာပဲ စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ခပ်သွက်သွက် လှုပ်ရှားလာခဲ့ပြီး သဘောတူညီမှု ရဖို့လည်း နီးစပ်နေပြီ ဖြစ်ကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ လက်ရှိမှာ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိမယ့် ကစားသမား တစ်ဦး ဖြစ်ပြီး အသင်းနဲ့သာ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရပါက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းသစ် တစ်သင်းထံ ပြောင်းရွှေ့ဖို့ တရားဝင် ဆွေးနွေးနိုင်မှာပါ။

Photo Credit: Marca

ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ ထာဝရ အကောင်းဆုံး ကစားသမား တစ်ဦးအဖြစ် သတ်မှတ် ခံထားရတဲ့ လီယွန်နယ် မက်ဆီကို အသင်းမှာ ဆက်လက် ထိန်းသိမ်း ထားချင်ပေမယ့် မက်ဆီဟာ ဘာစီလိုနာ အသင်းရဲ့ အနာဂတ် စီမံကိန်းတွေ အပေါ် ယုံကြည်မှု မရှိတော့သလို တစ်ဖက်မှာလည်း ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ ဘဏ္ဏာရေး အခက်အခဲကြောင့် မက်ဆီရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ပေးချေနိုင်တဲ့ အနေအထားမှာ မရှိနေပါဘူး။ ဒါ့ကြောင့်ပဲ မက်ဆီဟာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာဖို့ တာစူနေတာ ဖြစ်ပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ မက်ဆီဟာ ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဆွေးနွေးမှုတွေကို မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့စ်မက်ဆီ ကိုယ်တိုင်က ဦးဆောင်ကာ ပြုလုပ်နေပါတယ်။

Photo Credit: Marca

ပြင်သစ်နိုင်ငံ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ မက်ဆီဟာ ဘာစီလိုနာအသင်း ကနေ ထွက်ခွာမယ် ဆိုပါက ရွေးချယ်စရာ အသင်းနှစ်သင်း ရှိနေပြီး အဆိုပါ အသင်းနှစ်သင်းဟာ ပီအက်စ်ဂျီ အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ ဖြစ်ကာ မက်ဆီက ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အား ထက်သန်နေကြောင်း သိရပါတယ်။ ဒါ့အပြင် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Football Transfers သတင်းဌာန ကတော့ ယမန်နေ့ညပိုင်းမှာ အတော်လေး အံ့အားသင့်စရာ ကောင်းတဲ့ သတင်း တစ်ပုဒ် ထုတ်ပြန်သွားခဲ့ပြီး အဆိုပါ သတင်းကတော့ ပီအက်စ်ဂျီ အသင်းဟာ မကြာခင်မှာ မက်ဆီရဲ့ အပြောင်းအရွှေ့ သတင်းကို ကြေညာဖွယ် ရှိနေပြီး အဆိုပါ ကြေညာမှုကြောင့် အသင်းရဲ့ စတိုးဆိုင်တွေမှာ မက်ဆီနဲ့ ဆက်စပ်တဲ့ အသင်းရဲ့ ပစ္စည်းတွေကို အစုလိုက် အပြုံလိုက် လာရောက် ဝယ်ယူနိုင်မယ့် အနေအထား အတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားဖို့ စတိုးဆိုင်တွေကို မှာကြားထားတယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ မက်ဆီတစ်ယောက် ပီအက်စ်ဂျီ အသင်းထံကို ရောက်ရှိ သွားတော့မှာလား…။