ပီအက်စ်ဂျီအသင်းကတော့ သူတို့ရဲ့ အဓိက ပစ်မှတ်ဖြစ်သူ ဘာနာဒို ဆေးလ်ဗားကို အရ ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ အီတလီ ကြယ်ပွင့်တွေဖြစ်သော ဂိုးသမား ဂျန်လူချီ ဒွန်နာရမ်မာ နဲ့ ကွင်းလယ်လူ မာကို ဗာရက်တီတို့ကို မန်ချက်စတာ စီးတီးအသင်းထံ အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ပါ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo Credit : PSG Talk

   ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား နဲ့ အက်ဖ်အေဖလား ဖလား (၃)လုံးတို့ကို ရယူ ပိုင်ဆိုင်နိုင်ခဲ့တဲ့ အသက် (၂၈)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကြယ်ပွင့် ကစားသမား ဘာနာဒို ဆေးလ်ဗားဟာ ဒီနွေမှာ အသင်းပြောင်းဖို့ အစီအစဉ် ရှိနေပြီး သူ့ကိုလည်း ဘာစီလိုနာ ပီအက်စ်ဂျီ နဲ့ ဆော်ဒီကလပ်တွေက အလိုရှိနေပါတယ်။ ဆော်ဒီကလပ် အယ်လ် ဟီလယ်အသင်းက ဆေးလ်ဗားကို တစ်နှစ်လုပ်ခ ပေါင် (၇၅)သန်းအထိ ပေးချေသွားမယ်လို့ ကမ်းလှမ်းထားပေမယ့် ဆေးလ်ဗား ကိုယ်တိုင်ကတော့ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကိုပဲ စောင့်မျှော်နေပါတယ်။

Photo Credit : SPORTbible

   ဒါပေမယ့် ဘာစီလိုနာကလည်း လက်ရှိမှာ ဘူးစကွက် နေရာအတွက်ကိုတောင် ရိုမီယူလို ကစားသမားမျိုးကိုသာ ပြန်ခေါ်ထားရပြီး အသင်းက ကစားသမားတွေလည်း ထွက်ခွာခြင်း မရှိလို့ ဆေးလ်ဗားလို ကစားသမားမျိုးကို ကမ်းလှမ်းဖို့ပါ အလွန် ခက်ခဲနိုင်ပါတယ်။ ဒီအချိန်မှာ ပီအက်စ်ဂျီဘက်က မိုနာကို ကစားသမားဟောင်း ဆေးလ်ဗားကို လီဂူး ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်ဖို့ အသေအချာ ကြိုးပမ်းလာခဲ့ပြီး ဆေးလ်ဗားအတွက် အသင်းရဲ့ အီတလီ ကစားသမား (၂)ဦးကို အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးချသွားဖို့ စီစဉ်နေပါတယ်။

   ပီအက်စ်ဂျီက ဒီရာသီထဲ လူးကပ်စ် ဟာနန်ဒက်ဇ် ၊ အဆန်စီယို ၊ အူဂါတီ ၊ ရှကရီညာ ၊ လီကန်အင် နဲ့ အန်ဒူးတို့ကို ခေါ်ယူထားပြီး နည်းပြအဖြစ်လည်း လူးဝစ် အန်နရီကေးကို ခန့်အပ်ထားခဲ့ပေမယ့် နွေဈေးကွက် မပိတ်သိမ်းခင်မှာ ဟာရီကိန်း နဲ့ ဘာနာဒို ဆေးလ်ဗားတို့ ပရီးမီးယားလိဂ် ကြယ်ပွင့် (၂)ဦးလုံးကိုပါ ဆက်လက် ခေါ်ယူဖို့ ရှိနေပါတယ်။