ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ ပိုင်ရှင်တွေဟာ အသင်းရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ နေမာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စဉ်းစားနေကြောင်း နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပီအက်စ်ဂျီဟာ သူတို့အသင်းရဲ့ သမိုင်းတလျှောက်မှာ တခါမှ မရဖူးသေးတဲ့ ဥရောပ ချန်ပီယံလိဂ်ဖလားကို အရယူဖို့ အတွက် ငွေကြေးတွေ အမြောက်အမြား သုံးစွဲခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ၁၆သင်းအဆင့် ကနေ အိမ်ပြန်ခဲ့ရပြီးနောက် အသင်းကို သွေးသစ်လောင်းဖို့ စတင် စဉ်းစားနေပါတယ်။

Photo Credit: SPORT

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာဟာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ ၂၀၁၇ခုနှစ်ထဲက ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိချိန်ကတည်းက အဓိက ကစားသမား အဖြစ် ခြေစွမ်းပြ ကစားထားနိုင်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသူပါ။

နေမာဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲသာ ပါဝင် ကစားထားနိုင်ပြီး ၄ဂိုးသွင်း ၅ဂိုး ဖန်တီးပေးထားတာကြောင့် သူ့ရဲ့ ခြေစွမ်းပိုင်း ကျဆင်းနေမှုကို အတိုင်းသား မြင်တွေ့နေရကာ သူ့ရဲ့ ခြေစွမ်းပိုင်း ကျဆင်းမှုကြောင့်ပဲ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက သူ့ကို ရောင်းထုတ်ဖို့ စတင် စဉ်းစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: SPORT

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မော်လီနာရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီရဲ့ ပိုင်ရှင်တွေ ဖြစ်တဲ့ ကာတာ သန်းကြွယ်သူဌေး အုပ်စုဟာ အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမားတွေထဲက တဦး ဖြစ်တဲ့ နေမာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ရောင်းထုတ်ပြီး အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို ပြန်လည် ထိန်းချုပ်ဖို့ စဉ်းစားနေကြကာ အသင်းကို သွေးသစ်လောင်းမှုတွေ ပြုလုပ်ဖို့လည်း ရည်ရွယ်ထားကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ နေမာဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၄နှစ် အထိ ကျန်ရှိနေသေးတာကြောင့် သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် ပေးချေရဖွယ် ရှိပါတယ်။