ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက ပြင်သစ် လီဂူးဝမ်း ပွဲစဉ်(၃) အပြီးမှာ သွင်းဂိုး ၁၇ဂိုး အထိ သွင်းယူထားနိုင်တာကြောင့် လက်ရှိ ဥရောပရဲ့ တိုက်စစ်အကောင်းဆုံးအသင်း အဖြစ် မှတ်တမ်းဝင်နေကြောင်း သိရပါတယ်။

ယခု နွေဈေးကွက် အတွင်းမှာမှ နည်းပြဟောင်း ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ပြီး နိုက်စ်နည်းပြ ဂယ်လ်တီယာကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ထားတဲ့ ပီအက်စ်ဂျီဟာ ယခုနှစ် ဘောလုံးရာသီမှာ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ရဲ့ တိုက်စစ်အတွဲကြောင့် အတော်လေးကို အလုပ်ဖြစ်နေပြီး ဂယ်လ်တီယာရဲ့ နည်းစနစ်ပိုင်းကလည်း ပီအက်စ်ဂျီရဲ့ ကစားဟန်နဲ့ သင့်လျော်မှု ရှိနေပါတယ်။

Photo Credit: Euro Sports

ဒါကြောင့်ပဲ ပီအက်စ်ဂျီက ဂယ်လ်တီယာရဲ့ အဖွင့်ပွဲ ဖြစ်တဲ့ ပြင်သစ် စူပါဖလားပွဲစဉ်မှာ နန့်တက်စ်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့သလို လီဂူးဝမ်းပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားခဲ့ရာမှာလည်း ကလဲလ်မွန့်ကို ၀-၅ ၊ မောင့်ပယ်လီယာကို ၅-၂နဲ့ လိုင်လီကို ၁-၇ ဆိုတဲ့ ရလဒ်တွေနဲ့ ဂိုးပြတ်နိုင်ပွဲတွေ ရယူထားနိုင်ပါတယ်။

ပီအက်စ်ဂျီက ရာသီသစ် အတွက် ပြိုင်ပွဲစုံမှာ ၄ပွဲသာ ပါဝင် ကစားထားရပေမယ့် သွင်းဂိုး ၂၁ဂိုး အထိ သွင်းယူထားနိုင်ကာ ပေးဂိုး ၃ဂိုး ခွင့်ပြုထားရပြီး သူတို့အသင်းရဲ့ တပွဲပျမ်းမျှသွင်းဂိုးဟာ ၅ဂိုး အထိ ရှိနေတာကို အံ့အားသင့်ဖွယ် မြင်တွေ့နေရပါတယ်။

 

Photo Credit: Euro Sports

လိဂ်ပြိုင်ပွဲ သီးသန့်ကို တွက်ချက်မယ် ဆိုရင်လည်း ပီအက်စ်ဂျီက လိဂ်ပွဲ ၃ပွဲ ကစားထားရာမှာ သွင်းဂိုး ၁၇ဂိုး အထိ သွင်းယူထားနိုင်တာကြောင့် သူတို့အသင်းရဲ့ လိဂ်ပြိုင်ပွဲ သွင်းဂိုးဟာ တပွဲပျမ်းမျှ ၅.၇ဂိုးနှုန်း ရှိနေပြီး အဆိုပါ သွင်းဂိုးနှုန်းကြောင့်ပဲ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ ဦးဆောင်နေတဲ့ ပီအက်စ်ဂျီရဲ့ တိုက်စစ်က လက်ရှိ ဥရောပတိုက်ရဲ့ အကောင်းဆုံး တိုက်စစ် အဖြစ် မှတ်တမ်းဝင်နေခဲ့ပါတယ်။

ပီအက်စ်ဂျီရဲ့ နောက်မှာတော့ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်က ဥရောပတိုက်ရဲ့ ဒုတိယမြောက် တိုက်စစ်အကောင်းဆုံးအသင်း အဖြစ် မှတ်တမ်းဝင်နေပြီး ဘိုင်ယန်မြူးနစ်ဟာ လိဂ်ပွဲ ၃ပွဲ ကစားထားပြီးချိန်မှာ သွင်းဂိုး ၁၅ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။