MySport Myanmar

ဒီနှစ်အတွင်း သူရဲ့ သွင်းဂိုးတွေများစွာ မြင်တွေ့လာရလိမ့်မယ်လို့ နေမာ ကြုံးဝါးပြောဆို

ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာက လက်ရှိမှာ အနာဂတ် အခြေအနေတွေ အတော်လေး လှုပ်ခတ်လျက် ရှိနေပေမယ့် သူကတော့ လာမယ့်ဘောလုံးရာသီအတွက် ယုံကြည်မှုတွေ အားကောင်းနေပြီး လေ့ကျင့်ခန်းတွေလည်း အကောင်းဆုံး လုပ်ဆောင်ထားတာဖြစ်လို့ သူရဲ့ သွင်းဂိုးတွေများစွာကိုပါ မြင်တွေ့လာရလိမ့်မယ်လို့ အခိုင်အမာ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : Liverpool Echo

အသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ ၂၀၁၇ခုနှစ်ကမှ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို(၂၂၂)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး နေမာအနေနဲ့ ပီအက်စ်ဂျီမှာ ကစားသမားဘဝ ဆက်လက်တောက်ပနိုင်ဖို့ထက် ရုန်းကန်မှုတွေ ဒဏ်ရာပြသာနာတွေ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်ဝေဖန်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီနှစ်နွေမှာတော့ နေမာရဲ့ အနာဂတ်က အလှုပ်ခတ်ဆုံး အခြေအနေမှာ ရှိလာခဲ့ရပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင် နေမာရဲ့ အသင်းဖော် ကီလီယန်အမ်ဘာပေကပါ နေမာကို အသင်းကနေ ရောင်းထုတ်စေချင်နေတယ်လို့ပါ သတင်းထွက်နေပါတယ်။

Photo Credit : Eurosport

ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဘာပေကို မြောက်များလှစွာသော ငွေကြေးတွေနဲ့ စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပြီနောက်မှာ နေမာရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရသလို အသင်းဘက်ကပါ နေမာကို ရောင်းချဖို့ ပြင်ဆင်လာခဲ့တယ်ဆိုပြီးပါ သတင်းထွက်လာခဲ့ပါတယ်။ ဒါပေမယ့် နေမာကတော့ အသင်းကနေ ထွက်ခွာဖို့ လုံးဝဆန္ဒမရှိပဲ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုသာ ရယူသွားချင်နေတာကြောင့် ပီအက်စ်ဂျီမှာပဲ ဆက်လက်ရှိနေချင်တယ်လို့ ထုတ်ပြန်ထားခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာလည်း သူရဲ့ သွင်းဂိုးတွေကို တွေ့မြင်လာရလိမ့်မယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ နေမာက “ဒီနှစ်ထဲ ကန်ချက်တွေအားလုံး ဝင်လာလိမ့်မယ်။ အလွတ်တည်ကန်ဘောတွေ ပင်နယ်တီဧရိယာပြင်ပက ကန်သွင်းချက်တွေ ဂိုးတိုက်သွင်းဂိုးတွေအားလုံး။ လာပါလိမ့်မယ်။ ကျွန်တော့် စိတ်ခံစားချက်တွေ ကောင်းမွန်နေတယ်။ ယုံကြည်မှုတွေလည်း ရှိနေရတယ်။ ဒီအားလပ်ရက်တွေမှာလည်း ကျွန်တော် အများကြီး လေ့ကျင့်ထားခဲ့ပါတယ်” လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။ နေမာက ဒီနှစ်အတွင်းမှာ သူရဲ့လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ဆင်နွှဲရင်း ကမ္ဘာ့ဖလားချန်ပီယံဆုကိုပါ ရယူသွားချင်နေသလို ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုပါ ရယူနိုင်ဖို့ မျှော်လင့်ထားနေပါတယ်။

Exit mobile version