ပြင်သစ် အခြေစိုက် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ကတော့ ဂျူဗင်တပ် အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်မှူး စီရိုနယ်ဒိုကို ခေါ်ယူဖို့ အတွက် လက်ရှိအချိန်အထိ ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၃၅နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးအချိန် အပိုင်းအခြားထဲကို ရောက်ရှိနေသူ ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ဟာ ကျဆင်းသွားခြင်း မရှိသေးပဲ ဂျူဗင်တပ် အသင်းအတွက် စီးရီးအေပွဲစဉ် နှစ်ပွဲပါဝင် ကစားထားရာမှာ သွင်းဂိုး ၃ဂိုးအထိ သွင်းယူ ပေးထားနိုင်ခဲ့ပါတယ်။

Photo Credit: AS English

ဒါ့ကြောင့်ပဲ ပီအက်စ်ဂျီအသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ အတွက် ဆက်လက် စောင့ကြည့်နေတာ ဖြစ်ပြီး ရိုနယ်ဒိုသာ ဆန္ဒရှိပါက လာမယ့် ဘောလုံးရာသီဝက် အပြောင်းအရွှေ့ ဖြစ်တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရိုနယ်ဒိုကို ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။ ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ ၂၀၂၂ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့် သူ့ရဲ့ မြင့်မားလှတဲ့ လုပ်ခ လစာကြောင့် ဂျူဗင်တပ်အသင်းဟာလည်း သင့်တော်တဲ့ ပြောင်းရွှေ့ကြေးကို ရရှိပါက ရိုနယ်ဒိုကို ရောင်းချဖွယ် ရှိကြောင်း အပြောင်းအရွှေ့ သုတေသီတွေက သုံးသပ် ထားကြပါတယ်။

Photo Credit: AS English

ရိုနယ်ဒိုဟာ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် သူ့ရဲ့ တန်ကြေးဟာ ယူရို ၆ဝသန်းအထိ ရှိနေသေးပြီး ပီအက်စ်ဂျီအသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူချင်ပါက အနိမ့်ဆုံး ယူရို ၅ဝသန််းခန့် ဂျူဗင်တပ်အသင်းကို ပေးချေရဖို့ ရှိပါတယ်။ ပြင်သစ်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ နေမာ ၊ အမ်ဘာပေနဲ့ ဒီမာရီယာတို့ဟာလည်း ရိုနယ်ဒိုကို ခေါ်ယူလို့ ရပါက ခေါ်ယူပေးဖို့ တောင်းဆို ထားကြပြီး အထူးသဖြင့် ရိုနယ်ဒိုရဲ့ အမာခံ ပရိသတ်် တစ်ဦးဖြစ်တဲ့ အမ်ဘာပေဟာ ရိုနယ်ဒိုနဲ့အတူ တွဲကစားခွင့် ရဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။