ဘာစီလိုနာအသင်းရဲ့ ကွင်းလယ် နဲ့ တိုက်စစ် ကစားသမားဟောင်း ရီဗာဒိုကတော့ နိုင်ငံချင်းတူတဲ့ ဘရားဇီးသား ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာအနေနဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်သွားဖို့ အကြောင်းအရင်း မရှိပါဘူးလို့ Betfair သတင်းမှာ အခိုင်အမာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး နေမာဟာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင် ယူရို (၂၂၂) သန်းနဲ့ ပြောင်းရွှေ့လာခဲ့စဉ်က ကမ္ဘာ့ ဈေးအကြီးဆုံး ကစားသမား ဖြစ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းမှာ (၁) နှစ်ကျော်ကြာ ကစားပြီးတဲ့ အချိန်မှာ ဘာစီလိုနာအသင်းကို ပြန်သွားဖို့ ချိတ်ဆက်ခဲ့ဖူးပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းကနေ ဘာစီလိုနာအသင်းကို ပြန်သွားဖို့ ချိတ်ဆက်ခဲ့တာ ဖြစ်ပေမယ့်လည်း မအောင်မြင်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီမှာတော့  ပီအက်စ်ဂျီအသင်းနဲ့ အသင်းရဲ့ သမိုင်း တစ်လျှောက်မှာ ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းခဲ့ပါတယ်။ နေမာဟာ လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းမှာ အာရုံနှစ်မြုပ်ထားလျက် ရှိပြီး ဘာစီလိုနာအသင်း နဲ့ ဘရာဇီး လက်ရွေးစင် အသင်းရဲ့ ကစားသမားဟောင်း ရီဗာဒိုက နေမာအနေနဲ့ စပိန် လာလီဂါ ပြိုင်ပွဲကို ပြန်သွားစရာ အကြောင်း မရှိပါဘူးလို့ အခိုင်အမာ သတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ရီဗာဒိုက “နေမာက ပီအက်စ်ဂျီကို ရောက်လာကတည်းကနေ အများကြီး ဖြတ်သန်းရပြီးတဲ့နောက် (၃) ရာသီ ကစားအပြီးမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်နိုင်တာအတွက် ဂုဏ်ပြုရမယ်လို့ ကျွန်တော် ထင်တယ်။ သူ ဘာစီလိုနာအသင်းကို ပြန်သွားဖို့ ကြိုးစားပြီးတဲ့နောက် ပြင်သစ်လိဂ်မှာ ခက်ခဲတဲ့ အချိန်တွေ ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့ အိမ်ကွင်းမှာ သူ့ရဲ့ ပရိသတ်တွေက လှောင်ခဲ့ကြပေမယ့် သူက အားလုံး ဖြေရှင်းနိုင်ခဲ့တယ်။ ဒီဟာကြောင့်လည်း ကျွန်တော် သူ့ကို သဘာကျမိသွားတယ်။ အခု သူက အသင်းအပေါ်မှာ အပြည့်အဝ အာရုံစိုက်ပြီး  ပရိသတ်တွေကလည်း သူ့ကို အားပေးလာကြတယ်။ သူ အခုအချိန်မှာ အသင်းကနေ ထွက်သွားစရာ မရှိပါဘူး၊ အထူးသဖြင့် ဖရိုဖရဲ ဖြစ်နေတဲ့ ဘာစီလိုနာအသင်းကို ပြောင်းသွားစရာ အကြောင်း မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။