ဒီနှစ်ဘောလုံးရာသီအပြီး ဇွန်လအတွင်းမှာ ဝါရင့်ဘရာဇီးနောက်ခံကစားသမားကြီး သီယာဂိုဆေးဗားဟာ သူရဲ့လက်ရှိကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးရတော့မှာဖြစ်လို့ လက်ရှိအချိန်မှာ သက်တမ်းမတိုးနိုင်တော့ဘူးဆိုရင် အသင်းနဲ့ လမ်းခွဲရတော့မှာဖြစ်ကာ သူပြောင်းရွှေ့ကစားလိုတဲ့အသင်းကို စိတ်တိုင်းကျရွေးချယ်ခွင့်ရတော့မှာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ သူတို့ရဲ့အသင်းခေါင်းဆောင်ကို အသင်းမှာ ဆက်လက်ထားရှိချင်နေပေမယ့် ဆေးဗားကတော့ သူအရမ်းကိုပြောင်းရွှေ့ချင်နေတဲ့ ဘာစီလိုနာအသင်းဆီမှာသာ သွားရောက်ကစားချင်နေပါတယ်။

Photo Credit : En24News

အသက်၃၅နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဗဟိုနောက်ခံကစားသမားကြီး သီယာဂိုဆေးဗားဟာ ၂၀၁၂ခုနှစ်ကမှ အေစီမီလန်အသင်းကနေ ပီအက်စ်ဂျီကိုရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ၈နှစ်တာလောက် အသင်းခေါင်းဆောင် အမာခံကစားသမားတစ်ယောက်အဖြစ် ပွဲပေါင်း၃၀၀ကျော်လောက်အထိ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ နည်းပြသောမတ်တူချယ်လက်အောက်မှာလည်း ပုံမှန်ပွဲထွက်ခွင့်တွေ ရရှိနေတယ်ဆိုပေမယ့် ရာသီအကုန် အသင်းနဲ့သက်တမ်းကုန်ဆုံးရတော့မယ့်အချိန်မှာတော့ ဆေးဗားဟာ သူအရမ်းကို တွဲဖက်ကစားချင်နေတဲ့ လီယွန်နယ်မက်ဆီရှိရာ ဘာစီလိုနာအသင်းကိုပဲ ပြောင်းရွှေ့ကစားချင်နေတာဖြစ်ပါတယ်။

Photo Credit : Barcelona

ဘာစီလိုနာအသင်းကတော့ ယခင်နှစ်တွေကတည်းက သီယာဂုုိဆေးဗားကို အသင်းဆီ ခေါ်ဆောင်နိုင်ဖို့ မကြာခဏ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့လို့ လက်လျှော့ခဲ့ရတာဖြစ်ကာ အခုလို ပြောင်းရွှေ့ကြေးမဲ့နဲ့ ခေါ်ယူနိုင်တော့မယ့်အချိန် နောက်တစ်ကြိမ် ထပ်မံကြိုးစားလာဦးမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာခံစစ်က အားရစရာ အနေအထားမှာရှိလို့မနေပဲ ပေးဂိုးတွေလည်း များပြားနေတာကြောင့် လာမယ့်ရာသီမှာ ခံစစ်ပိုင်းကို အားဖြည့်ဖို့က မဖြစ်မနေကို ပြုလုပ်သွားရမှာဖြစ်လို့ သီယာဂိုဆေးဗား ခေါ်ယူဖို့ဆိုတာကလည်း ဖြစ်လာနိုင်စရာရှိပါတယ်။ ဒါပေမယ့် ခက်တာကတော့ သီယာဂိုဆေးဗားက လက်ရှိမှာ အသက်၃၅နှစ်တောာင် ရှိနေပြီဖြစ်လို့ ခံစစ်ပိုင်းမှာ လျင်မြန်ဖြတ်လပ်စွာ ကစားနိုင်ဖို့နဲ့ ပွဲချိန်ပြည့် အင်ပြည့်အားပြည့်ကစားနိုင်ဖို့အတွက် အာမ မခံနိုုင်တာကြောင့် ခေါ်ယူဖို့အရေးက ခက်ခဲကောင်းလည်း ခက်ခဲနိုင်ပါတယ်။ ဆေးဗားကို တရုတ်စူပါလိဂ်ကလပ်တွေနဲ့ မေဂျာလိဂ်အသင်းတွေကလည်း စောင့်ကြည့်လို့နေပါတယ်။