MySport Myanmar

ဂျုဗင်တပ်စ်နဲ့ သတင်းတွေကို ငြင်းဆိုခဲ့ပြီး အသင်းသစ်ကို ရှာဖွေနေဆဲလို့ ဒီမာရီယာ ဖွင့်ဟ

(၇)နှစ်တာ ကျင်လည်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ လက်တွဲဖြုတ်ပြီး လာမယ့်ဇွန်လကုန်မှာ free agent ကစားသမားတစ်ဦး ဖြစ်လာတော့မယ့် အာဂျင်တီးနား ဝါရင့်တောင်ပံကစားသမားကြီး အိန်ဂျယ်ဒီမာရီယာက လတ်တလောမှာ သူနဲ့ သတင်းတွေ အတော်လေးထွက်ပေါ်နေတဲ့ ဂျုဗင်တပ်စ်အသင်းကို ပြောင်းရွှေ့တော့မယ်ဆိုတာ မဟုတ်မှန်ကြောင်း သူ့အတွက် အသင်းသစ်ကို ဆက်လက်ရှာဖွေနေဆဲသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : One Football

အသက်(၃၄)နှစ်အရွှယ် အာဂျင်တီးနားလက်ရွေးစင် ဒီမာရီယာဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းကနေ အခုထိ ပီအက်စ်ဂျီအသင်းနဲ့ လက်တွဲလာခဲ့သလို အသင်းနဲ့လည်း ပြင်သစ်လီဂူး အမှတ်ပေးဖလား (၅)ကြိမ်ထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီမာရီယာဟာ လက်ရှိမှာတော့ ပီအက်စ်ဂျီနဲ့ လမ်းခွဲရတော့မယ့် အခြေအနေကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး လာမယ့်ရာသီမှာ စီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ်မှာတော့ ဒီမာရီယာကိုယ်တိုင် ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit : The Sun

ဒီမာရီယာက “ဂျုဗင်တပ်စ်နဲ့ စာချုပ်ကိစ္စလား။ ဒါက မဟုတ်ပါဘူး။ ကျွန်တော် အခု အေးဆေးပါပဲ။ အသင်းသစ်အတွက် ကျွန်တော့်မှာ စဉ်းစားတွေးတောဖို့ အချိန်တွေ ရှိနေပါသေးတယ်။ နောက်ပြီး အဲ့ဒါကလည်း ကျွန်တော့်ဆုံးဖြတ်ချက် တစ်ခုတည်းနဲ့တင် ပြီးမသွားပါဘူး။ ကျွန်တော် အမြဲတမ်းလိုလို ကျွန်တော့်အတွက်ရော ကျွန်တော်ရဲ့ မိသားစုအတွက်ပါ ထည့်သွင်းစဉ်းစားတတ်ပါတယ်။ ကျွန်တော့်မိသားစုဝင်တွေ အားလုံးအတွက် အကောင်းဆုံး ဖြစ်စေနိုင်မယ့် ဆုံးဖြတ်ချက်တစ်ခုကိုပဲ ချမှတ်သွားမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီမာရီယာဟာ ဘင်ဖီကာ ရီးယဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး ချန်ပီယံလိဂ် စပိန်လာလီဂါ ပေါ်တူဂီ အမှတ်ပေးဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ဖူးသလို သူရဲ့လက်ရွေးစင်အသင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းနဲ့လည်း ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယနေရာထိ ရောက်ရှိခဲ့ဖူးသလို ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒီမာရီယာဟာ သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း (၂၉၅)ပွဲအထိ ပါဝင်ကစားပေးနိုင်ခဲ့သလို သွင်းဂိုး (၉၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Exit mobile version