ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက ပေါ်တိုနဲ့အတူ တောက်ပနေတဲ့ ကွင်းလယ်ခံစစ် ကစားသမား ဗီတင်ညာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ အားလုံးက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဗီတင်ညာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပေါ်တိုရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး အဝေးဘော ပေးပို့မှု တိကျတာ ၊ လုပ်အားနှုန်း ကောင်းမွန်တာနဲ့ ဘောလုံးလုယူနိုင်စွမ်း မြင့်မားတာတွေဟာ သူ့ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

Photo Credit: CNN

ဒါ့အပြင် ဗီတင်ညာက ကွင်းလယ်ခံစစ် နေရာမှာ ကစားနေရပေမယ့် သွင်းဂိုးတွေ သွင်းယူနိုင်စွမ်း ရှိသလို သူ့ရဲ့ အဝေးဘော ပေးပို့မှုတွေနဲ့ ဂိုးဖန်တီးမှုတွေပါ ပြုလုပ်ပေးနိုင်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆိုရင် ပေါ်တို အတွက် ပြိုင်ပွဲစုံမှာ ၄၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် နာမည်ကြီး အားကစားဒါရိုက်တာ ကွန်ပို့စ်ကို အားကစားဒါရိုက်တာ အသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် ကြိုးပမ်းလာတဲ့ ပီအက်စ်ဂျီက ဗီတင်ညာကို ကြားဖြတ် ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

Photo Credit: CNN

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ဗီတင်ညာကို ခေါ်ယူနိုင်ဖို့ အတွက် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၄၀သန်းကို ပေးချေဖို့ ခေါင်းညိတ်ခဲ့သလို ဗီတင်ညာကိုလည်း ကာလရှည် စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

ယခုအချိန်မှာတော့ ဗီတင်ညာက ပဲရစ်မြို့ဆီ သွားရောက်ကာ ပီအက်စ်ဂျီနဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေသလို ပီအက်စ်ဂျီနဲ့ ပေါ်တိုတို့ကလည်း ဒီအပြောင်းအရွှေ့ကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်နေကြပါတယ်။