ပြင်သစ်အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ စီးရီးအေကလပ် အင်တာမီလန်အသင်းထံကနေ တစ်ရာသီ အငှားနဲ့ သူတို့ အသင်းထံ လာရောက် ကစားနေတဲ့ အာဂျင်တီးနား တိုက်စစ်မှူး မော်ရိုး အီကာဒီကို အပြီးသတ် ခေါ်ယူဖို့အတွက် သဘောတူညီမှု ရသွားပြီလို့ Sky Italy သတင်းဌာနက ဖော်ပြသွားပါတယ်။ အသက်၂၇နှစ်အရွယ် တိုက်စစ်မှူး အီကာဒီဟာ တစ်ချိန်တုန်းက အင်တာမီလန်အသင်းရဲ့ အသင်းခေါင်းဆောင်ရာထူးကို တာဝန်ယူခဲ့ရသူ ဖြစ်ပြီး အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်ခဲ့ပေမယ့် စာချုပ်သစ် ချုပ်ဆိုဖို့အတွက် အင်တာမီလန်အသင်းနဲ့ ဆွေးနွေးရာမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်လာရာကနေ နောက်ဆုံး အသင်းကနေ အငှားစာချုပ်နဲ့ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: PSG Talk

ဒါပေမယ့် ထိပ်တန်းတိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ အီကာဒီရဲ့ အရည်အသွေးတွေဟာ ပီအက်စ်ဂျီအသင်းထံကို ရောက်ရှိသွားချိန်မှာ မှေးမှိန်သွားခြင်း မရှိပဲ ပီအက်စ်ဂျီအသင်းအတွက် ပြင်သစ်လီဂူးဝမ်းပွဲ ၂၀ပါဝင် ကစားပေးထားရာမှာ ၁၂ဂိုး သွင်းယူထားပြီး ၃ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပီအက်စ်ဂျီ အသင်းဟာ အသင်းအတွက် ခြေစွမ်းပြ ကစားနေတဲ့ အီကာဒီကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဖြစ်တဲ့ ကာဗာနီဟာ အသင်းကို ယခုနှစ် နွေရာသီမှာ စွန့်ခွာနိုင်တာကြောင့် အီကာဒီကို ကာဗာနီရဲ့ နေရာအတွက် အစားထိုးနိုင်မယ့် ကစားသမား အဖြစ် ရှုမြင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit: PSG Talk

Sky Italy သတင်းဌာနရဲ့ အဆိုအရတော့ ပီအက်စ်ဂျီအသင်းဟာ အီကာဒီကို အငှားနဲ့ ခေါ်ယူခဲ့ရာမှာ ပါဝင်ခဲ့တဲ့ စာချုပ်ပါ အချက်အလက်တစ်ခုကို အသုံးပြုပြီး အီကာဒီကို ခေါ်ယူခဲ့တာ ဖြစ်ကြောင်း သိရကာ အဆိုပါ အချက်ဟာ မေလ ၃၁ရက်နေ့ မတိုင်မီ အီကာဒီကို အပြီး ခေါ်ယူနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အီကာဒီကို ခေါ်ယူရာမှာ ကနဦးပြောင်းရွှေ့ကြေး ပေါင်၄၅သန်းနဲ့ အခြား ဆုကြေးငွေ ပေါင်၆.၂သန်း စုစုပေါင်း ပေါင် ၅၁.၂သန်း ဝန်းကျင် တန်ဖိုးရှိတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်တယ်လို့ Sky Italy သတင်းဌာနက အတိအကျ ဖော်ပြသွားခဲ့ပါတယ်။ အီကာဒီလို ထိပ်တန်းတိုက်စစ်မှူး တစ်ဦးကို ပြောင်းရွှေ့ကြေး ပေါင် ၅၁.၂သန်း ဝန်းကျင်နဲ့ ဝယ်ယူနိုင်လိုက်တာဟာ ပီအက်စ်ဂျီ အသင်းအတွက် အကျိုးများတဲ့ အပြောင်းအရွှေ့ တစ်ခုလို့ပဲ သုံးသပ်လိုက်ပါရစေ။