MySport Myanmar

ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ပီအက်စ်ဂျီအသင်း

ပြင်သစ်လီဂူးပြိုင်ပွဲရဲ့ အင်အားအကြီးမားဆုံး ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ လာမယ့်နွေရာသီမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် နွေစျေးကွက်အတွင်း ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ရိုမယ်လူလူကာကူကို ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားလျက် ရှိနေတယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Insider

အသက်(၂၈)နှစ်အရွှ့ယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ အင်တာမီလန်အသင်းကနေ ချယ်လ်ဆီးအသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၉၇)သန်းနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းချိန် အစပိုင်းမှာ အသင်းအတွက် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ သွင်းဂိုးတွေ နည်းပါးလာခဲ့ရသလို အင်တာဗျူးတစ်ခုမှာပါ အသင်းနဲ့ အဆင်မပြေနိုင်မယ့် စကားတွေကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ပြသာနာ အနည်းငယ် ဖြစ်ခဲ့ရပါတယ်။ ဒီလို အခြေအနေတွေအပြင် လတ်တလောမှာလည်း ချယ်လ်ဆီးအသင်း ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကြောင့် တိုက်စစ်မှူး လူကာကူအနေနဲ့ အသင်းကနေ ပြန်လည်ထွက်ခွာဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

Photo Credit : 90Min

ဒီလို အခြေအနေမျိုး ရှိနေရတဲ့ လူကာကူကို ပီအက်စ်ဂျီအသင်းက လာမယ့်နွေစျေးကွက်မှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားလို့ ရှိနေပြီး အသင်းကနေ ထွက်ခွာဖွယ် ရှိနေရတဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေနေရာမှာ လူကာကူနဲ့ ပြန်လည်အစားထိုးဖွယ်လည်း ရှိနေပါတယ်။ တိုက်စစ်မှူးဘာပေက ဒီနှစ်ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ပါ ရင်ဆိုင်နေရတဲ့ GOAT ကြီး လီယွန်နယ်မက်ဆီမှာလည်း သူရဲ့အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားဖို့ ရှိနေတာကြောင့် တိုက်စစ်ပိုင်း လိုအပ်ချက် ဖြစ်လာခဲ့မယ်ဆိုရင် လူကာကူနဲ့ ပြန်လည်အစားထိုးချင်နေတာ ဖြစ်ပါတယ်။ လူကာကူမှာလည်း ချယ်လ်ဆီးအသင်းရဲ့နည်းပြ သောမတ်စ်တူဟယ်လ်နဲ့ကြားမှာ ဆက်ဆံရေး တင်းမာနေဆဲဖြစ်ကြောင်း ကလပ်အသင်းနဲ့ နီးစပ်တဲ့သူများဆီမှတစ်ဆင့် သိရှိထားရပြီး နောက်ဆုံးကစားထားရတဲ့ ပြိုင်ပွဲစုံ(၁၀)ပွဲမှာလည်း အက်အေဖလား(၂)ပွဲနဲ့ ပရီးမီးယားလိဂ် (၂)ပွဲကိုသာ ပွဲထ်ွက်ကစားသမားအဖြစ် ပါဝင်ထားခဲ့ရပါတယ်။

Exit mobile version