MySport Myanmar

အမ်ဘာပေကို အရန်အသင်းဆီ ပို့ကာ လေ့ကျင့်ခန်း ဆင်းခိုင်းနေတဲ့ ပီအက်စ်ဂျီ

ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက သူတို့အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်း မဆင်းခိုင်းတော့ပဲ အရန်အသင်းဆီ ပို့ဆောင်ကာ လေ့ကျင့်ခန်း ဆင်းခိုင်းထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားသူ ဖြစ်ပါတယ်။

Photo Credit: PSG Talk

ပီအက်စ်ဂျီက အမ်ဘာပေကို အသင်းနဲ့ စာချုပ်သစ် မချုပ်ချင်ရင် ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းပြောင်းဖို့ ပြောခဲ့ပေမယ့် အမ်ဘာပေကတော့ လက်မှတ်ထိုးကြေး များများစားစား ရချင်တဲ့ အတွက် လာမယ့် နွေဈေးကွက်မှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေး ယူရို ၁၈၀သန်း ဝန်းကျင် အထိ သုံးစွဲကာ ခေါ်ယူထားတဲ့ အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ချင်တာကြောင့် ယခု နွေဈေးကွက်မှာပဲ အမ်ဘာပေကို ရောင်းချနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး ဥက္ကဌ အယ် ခါလိုင်ဖီကလည်း အမ်ဘာပေကို ယခု နွေဈေးကွက် အတွင်းမှာ အသင်းမပြောင်းရင် တရာသီလုံး အရန်ခုံ ထိုင်ခိုင်းမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Photo Credit: Daily Star

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အမ်ဘာပေက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အတွက် ပီအက်စ်ဂျီနဲ့အတူ ပုံမှန် လေ့ကျင့်ခန်း ပြန်ဆင်းနေပေမယ့် ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက အမ်ဘာပေကို အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်း ဆင်းခွင့် မပေးပဲ အရန်အသင်းဆီ ပို့ကာ လေ့ကျင့်ခန်း ဆင်းခိုင်းထားကြောင်း သိရပါတယ်။

ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့ ကြားထဲက တိုက်ပွဲဟာ လာမယ့်ရက်တွေမှာ ပိုမို ပြင်းထန်လာဖွယ် ရှိနေပြီး အကယ်၍ အမ်ဘာပေကသာ ပီအက်စ်ဂျီကနေ ယခု နွေဈေးကွက် အတွင်းမှာ မထွက်ခွာခဲ့ရင် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ တခုလုံး အရန်ခုံမှာ ထိုင်ကာ အချိန်တွေ ကုန်ဆုံးရနိုင်ပါတယ်။

Exit mobile version