လာဇီယိုအသင်းမှာ ခြေစွမ်းကောင်းတွေ ထုတ်ဖော်ပြသနိုင်ရင်း ဥရောပထိပ်သီး ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကိုခံလာရတဲ့ ဆာဘီးယားလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား မီလန်ကိုဗစ်ဆာဗစ်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီး ဂျုဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကနေ အပြိုင်အဆိုင် ပစ်မှတ်ထားလာခဲ့ကြပေမယ့် လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းက မီလန်ကိုဗစ်ကို ခေါ်ယူနိုင်ဖို့ ကစားသမားနဲ့ လစာပိုင်းဆိုင်ရာမှာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးသာ ဆက်လက်ညှိနှိုင်းစရာပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။

Photo Credit : FotMob

အသက်(၂၅)နှစ်အရွှယ်ရှိ ဆာဘီးယားကွင်းလယ်ကစားသမား မီလန်ကိုဗစ်ဟာ ၂၀၁၅ခုနှစ်မှာ ဘယ်ဂျီယံကလပ် ကေအာစီဂျန့်အသင်းကနေ လာဇီယိုအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အချိန်တိုလေးအတွင်းမှာပဲ လာဇီယိုရဲ့အမာခံကစားသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ လာဇီယိုနဲ့ ကိုပါအီတလီယာဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ မီလန်ကိုဗစ်ဟာ အခုဆိုရင် လာဇီယိုကနေ ပီအက်စ်ဂျီကို ပြောင်းရွှေဖို့အတွက် တစ်နှစ်ကို လုပ်ခလစာ ယူရို(၇)သန်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ ပြင်သစ်သတင်းမီဒီယာ Le 10 Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempreinter

ပီအက်စ်ဂျီအသင်းဟာ လွန်ခဲ့တဲ့တစ်နှစ်ခန့်ကတည်းက မီလန်ကိုဗစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားတာဖြစ်ပြီး လာမယ့်ရာသီ အသင်းကနေ ကာဗာနီအပြင် နေမာပါ အသင်းကနေ ထွက်ခွာသွားနိုင်ဖွယ်ရှိနေလို့ အသင်းရဲ့တိုက်စစ်ပိုင်း ထက်မြက်နေစေဖို့အတွက် အခုလို မီလန်ကိုဗစ်ကို အသေအချာ ကမ်းလှမ်းလာခဲ့ရတာဖြစ်ပါတယ်။ လာဇီယိုအသင်းဘက်ကနေတော့ သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၈၀)လောက်အထိ အလိုရှိနေပြီး ပီအက်စ်ဂျီကတော့ သူတို့အသင်းရဲ့ ဂျာမန်ကွင်းလယ်လူ ဒရက်ဇ်လာကို အရင်ဆုံး ရောင်းချပြီးမှသာ မီလန်ကိုဗစ်ကို ခေါ်ယူဖွယ်ရှိနေပါတယ်။ ဆက်လက်ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ လာဇီယိုရဲ့ မီလန်ကိုဗစ်ကိုသာမကပဲ မီလန်ကိုဗစ်ရဲ့ အသင်းဖော် ကွင်းလယ်ကစားသမား အဒမ်မာရူဆစ်ကိုပါ ခေါ်ယူနိုင်ဖို့ကိုပါ သဘောတူညီမှု ရရှိထားခဲ့တယ်လို့ AS English ကနေ ဖော်ပြလာခဲ့ပါတယ်။