MySport Myanmar

ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ အခွင့်အရေး ရရှိခဲ့ပေမယ့် ငြင်းဆန်ပယ်ချသွားခဲ့တဲ့ ပီအက်စ်ဂျီ

ပြင်သစ်လီဂူးဝမ်း ချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ စူပါစတား ဘောလုံးသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အသင်းဆီ ခေါ်ဆောင်ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းမှာ လီယွန်နယ်မက်ဆီနဲ့အတူ GOAT နှစ်ဦးကို တွဲဖက်ပေးဖို့ အခွင့်အရေးမျိုး ရရှိခဲ့ပေမယ့်လည်း ဒီအခွင့်အရေးကို ပယ်ချခဲ့တယ်လို့ Le Parisien ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Sportskeeda

ပေါ်တူဂီလက်ရွေးစင် ထိပ်တန်း တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်က ရော်နယ်လ်ဒို အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီအသင်းကို ဆက်သွယ်လာခဲ့ရင်းနဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့ပေမယ့် ပီအက်စ်ဂျီဘက်ကတော့ ငြင်းဆန်သွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်ထိ သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထိန်းသိမ်းထားနိုင်ပေမယ့်လည်း ပီအက်စ်ဂျီအသင်း တိုက်စစ်ပိုင်းမှာက မက်ဆီ နေမာ ဘာပေတို့ ရှိနေတဲ့အပြင် ဆကာမာကာကိုပါ ထပ်မံခေါ်ယူဖို့ ကြိုးပမ်းနေသေးတာဖြစ်လို့ ရော်နယ်လ်ဒိုသာ ရောက်လာခဲ့မယ်ဆိုရင် အသင်းတိုက်စစ်မှာ ကစားသမားတွေ အစုအပြုံ ဖြစ်နေမှာနဲ့ လုပ်ခလစာပိုင်းမှာလည်း အမြောက်အများ ပေးချေရတာမျိုး မဖြစ်စေချင်တာကြောင့် ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ပယ်ချခဲ့တာလို့လည်း သိရပါတယ်။

Photo Credit : Daily Mail

ရော်နယ်လ်ဒိုဟာ လက်ရှိမှာတော့ သူ့ကို ဒီနှစ်နွေဈေးကွက်အတွင်း အသင်းကနေ ထွက်ခွာခွင့်ပေးဖို့နဲ့ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရရှိလာရင် ရောင်းချပေးသွားဖို့ ယူနိုက်တက်အသင်းဆီ တောင်းဆိုထားခဲ့ပြီး ယူနိုက်တက်ဘက်ကတော့ သူတို့အတွက် အားအထားရဆုံး ထိပ်တန်းကစားသမားကြီး ရော်နယ်လ်ဒိုကို လုံးဝရောင်းချသွားဖို့ ဆန္ဒမရှိပေမယ့် ယူနိုက်တက် ပရိသတ်အများစုကတော့ ရော်နယ်လ်ဒိုကို လာမယ့်ရာသီ အသင်းမှာ ဆက်လက်မြင်တွေ့လိုခြင်း မရှိပဲ ရောင်းချပေးလိုက်ဖို့ ပြောဆိုထားကြပါတယ်။ ရော်နယ်လ်ဒိုဟာ မိသားစုအရေးကိစ္စ အကြောင်းပြချက်နဲ့ ယူနိုက်တက်ရဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေအပြင် ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် ရာသီကြိုခြေစမ်းပွဲကိုပါ လွဲချော်ထားခဲ့ရပေမယ့်လည်း မနေ့ညက ရော်နယ်လ်ဒို မပါဝင်တဲ့ ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းကို (၄)ဂိုး ဂိုးမရှိနဲ့ ခြေစွမ်းပြပြီး အပြတ်အသတ် အနိုင်ယူခဲ့တာကြောင့် အသင်းအနေနဲ့ ရော်နယ်လ်ဒိုကို လုံးဝ မလိုအပ်တော့ဘူးလို့ ယူနိုက်တက် ပရိသတ်တွေက ကြွေးကြော်လာခဲ့ပါတယ်။ လက်ရှိမှာတော့ အေးဂျင့်ဂျော့မန်ဒက်စ်က သူရဲ့ကစားသမား အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ကလပ်အသင်းများစွာနဲ့ ဆက်သွယ်လျက် ရှိနေပြီး ယူနိုက်တက်ကလည်း ရော်နယ်လ်ဒိုနေရာမှာ အစားထိုးဖို့ ကစားသမားတွေကို ရှာဖွေလျက် ရှိနေပါတယ်။

Exit mobile version