စပိန်အင်အားကြီးအသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်းတစ်ဦး ဖြစ်တဲ့ နေမာကို အသင်းထံ ပြန်လည် ခေါ်ယူဖို့အတွက် ကြိုးစားနေခဲ့ပေမယ့် လက်ရှိအထိ အခြေအနေဟာ တိုးတက် ကောင်းမွန်လာခြင်း မရှိသေးဘူးလို့ ဘာစီလိုနာ မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းဟာ သူတို့ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဆီ ၊ ဆွာရက်တို့ အသက်အရွယ်ရလာချိန် မှာ အသက်၂၈နှစ်အရွယ်သာ ရှိသေးတဲ့ နေမာကို အသင်းထံ ပြန်လည်ခေါ်ယူပြီး အသင်းကို ဦးဆောင်စေလိုနေတာကြောင့် အက်သလက်တီကို မက်ဒရစ်အသင်းကနေ ယူရို၁၀၀သန်းနဲ့ ခေါ်ယူထားတဲ့ ဂရစ်ဇ်မန်းနဲ့အတူ ငွေသား ယူရို ၈၀ သန်းခန့်ကို ပေးချေမယ်လို့ ပီအက်စ်ဂျီ အသင်းထံ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာပါ။

Photo Credit: Marca.com

ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီအသင်း အနေနဲ့ UEFA ရဲ့ Fair Play စည်းမျဉ်းတစ်ခု ဖြစ်တဲ့ FFP ဘဏ္ဏာရေးစည်းမျဉ်းအနေအထား ကြောင့် လစာငွေများပြားစွာ ပေးချေရတဲ့ နေမာ ကို ရောင်းထုတ်လိမ့်မယ်လို့ ယူဆခဲ့ပေမယ့် တကယ်တမ်းမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ ငြင်းဆန် ပယ်ချမှုနဲ့သာ ကြုံတွေ့ခဲ့ရတာ ဖြစ်ကြောင်း ဘာစီလိုနာအခြေစိုက် သတင်းဌာန အများစုက အတည်ပြုသွားခဲ့ကြပါတယ်။ ပီအက်စ်ဂျီအသင်းဟာ FFP စည်းမျဉ်းကြောင့် အဓိက ကစားသမားတချို့ကို ရောင်းထုတ်ရမှာ မှန်ပေမယ့် နေမာကို ရောင်းထုတ်မယ့် ကိစ္စကို အပြီးသတ် ဆုံးဖြတ်ထားရခြင်း မရှိသေးဘူးလို့ ပြင်သစ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားခဲ့ကြပါတယ်။

Photo Credit: Marca.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ပီအက်စ်ဂျီအသင်းဟာ ယခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ် ပျံ့ပွားမှုပြဿနာကြောင့် ယခုနှစ် ဘောလုံးရာသီကို ဖျက်သိမ်းမလား ၊ ဆက်ကစားမလား မသိရသေးတဲ့ အနေအထားကြောင့်ပဲ နေမာကို အသင်းကနေ ရောင်းမထုတ်သေးတာလို့ သိရပြီး အကယ်၍ လက်ရှိဘောလုံးရာသီကိုသာ ဆက်လက်ကစားပါက သူတို့အသင်းအနေနဲ့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲအောင် ဦးစားပေး ကြိုးစားသွားမှာလို့ သိရပါတယ်။ ဥရောပ ဘောလုံးကျွမ်းကျင်သူတွေကတော့ နေမာအတွက် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုဟာ သဘောကျစရာကောင်းပေမယ့် ပီအက်စ်ဂျီအသင်းဘက် က ရာသီမသိမ်းမီ သဘောတူညီမှု မပေးချင်တာကြောင့်လို့ သုံးသပ်ထားကြပြီး နွေစျေးကွက်ကို ရောက်ရှိချိန်မှာတော့ နေမာအတွက် ကမ်းလှမ်းမှုတွေကို လက်ခံဖွယ်ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။