ပြင်သစ်လီဂူးပြိုင်ပွဲရဲ့ အင်အားကြီး ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ နွေစျေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုအဖြစ် လီဗာပူးလ် ကွင်းလယ်လူ ဝိုင်နယ်ဒမ်းကို ခေါ်ယူထားသလို မီလန်ဂိုးသမား ဒွန်နာရမ်မာမှာလည်း အသင်းဆီ ရောက်ရှိတော့မှာဖြစ်တဲ့အပြင် သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်နေတဲ့ အင်တာမီလန် ညာနောက်ခံကစားသမား ဟာခီမီကိုပါ ထပ်မံခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)လောက်အထိပါ တိုးမြှင့်ပေးသွားဖွယ် ရှိနေပါတယ်။

Photo Credit : Sempreinter

အသက်(၂၂)အရွှယ်ရှိ မော်ရိုကိုလက်ရွေးစင် နောက်ခံအစွန်လူ ဟာခီမီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ ရီးယဲလ်မက်ဒရစ်ကနေ အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စီးရီးအေမှာ အထူးခြေစွမ်းပြသနိုင်ခဲ့သလို အသင်းကိုလည်း စီးရီးအေ ချန်ပီယံဆုကြီး ပြန်လည်ရယူနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဟာခီမီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အင်တာမီလန်အသင်းအတွက် စီးရီးအေသွင်းဂိုး (၇)ဂိုးအထိကို သွင်းယူထားခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၁၀)ဂိုးအထိ လုပ်ဆောင်ထားကာ ခံစစ်ပိုင်းမှာရော တိုက်စစ်အပိုင်းမှာပါ အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit : PSG Talk

ဒီလို စွမ်းဆောင်ရည်တွေ ပြသထားနိုင်ခဲ့တဲ့ ဟာခီမီကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ ခေါ်ယူချင်နေကြပြီး ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးအသင်းတွေကတော့ ဟာခီမီကို အဓိကပစ်မှတ်ထားနေကြပါတယ်။ ဒီလို စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် အင်တာမီလန်အသင်းဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားချင်နေပါတယ်။ ဒါပေမယ့် အင်တာမီလန်အသင်းဟာ အသင်းနည်းပြ အန်တိုနီိယိုကွန်တီနဲ့ လက်တွဲဖြုတ်ထားခဲ့ရပြီး သူရဲ့နေရာမှာ လာဇီယိုနည်းပြ အင်ဇာဂီနဲ့ အစားထိုးထားခဲ့ရတာကြောင့် နည်းပြအပြောင်းအလဲအပေါ်မှာ စိတ်ပျက်လို့နေတဲ့ ဟာခီမီက အင်တာနဲ့ လက်တွဲဖြုတ်သွားချင်နေတာဖြစ်ပါတယ်။ ဒီလို အခြေအနေရှိတဲ့ ဟာခီမီကို ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးတို့ကနေ အပြိုင်လိုက်နေကြပြီး ကနဦး ကမ်းလှမ်းချက်တွေကိုလည်း လုပ်ဆောင်ထားကြပေမယ့် အင်တာဘက်ကနေ ဒီကမ်းလှမ်းချက်တွေကို ပယ်ချထားခဲ့တာကြောင့် အခုအခါမှာ ပီအက်စ်ဂျီအသင်းက ဟာခီမီအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)လောက်အထိပါ တိုးမြှင်ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ် လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ဟာခီမီဟာ မက်ဒရစ် ဒေါ့မွန်နဲ့ အင်တာအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ အရည်အသွေးမြင့် နောက်ခံအစွန်လူတစ်ယောက်ဖြစ်ပါတယ်။