ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ ပရိသတ်တွေ အနေနဲ့ နာမည်ကျော် ကြယ်ပွင့် တိုက်စစ်အတွဲ ဖြစ်တဲ့ မက်ဆီ ၊ နေမာ ၊ အမ်ဘာပေတို့ရဲ့ MNM တိုက်စစ်အတွဲကို မြင်တွေ့ရမယ်လို့ ကတိပေးသွားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယနေ့မှာပဲ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ၂နှစ် + တနှစ် ထပ်မံ သက်တမ်းတိုးနိုင်မယ့် အချက်အလက် ပါဝင်တဲ့ စာချုပ်သစ် တရပ်နဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ကာ မက်ဆီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ပိုင်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၇ဦး အနက် ၃ဦးကို ပိုင်ဆိုင်ထားတဲ့ အထိပါ သတ်မှတ်ထားခြင်း ခံရပါတယ်။

Photo Credit: ESPN

ဒါပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ လူငယ် ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်သူ အမ်ဘာပေရဲ့ အနာဂတ် မတည်မငြိမ် ဖြစ်နေမှုက ပီအက်စ်ဂျီအသင်းဟာ MNM တိုက်စစ်အတွဲကို အသုံးပြုနိုင်ပါ့မလား ဆိုပြီး သံသယတွေ ထွက်ပေါ်စေခဲ့ကာ လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ အယ်ခါလိုင်ဖီက အမ်ဘာပေဟာ အသင်းမှာပဲ ဆက်ပြီး ရှိနေမယ်လို့ အတည်ပြု သွားခဲ့ပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ တွေဝေနေတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာပင် ပြောင်းရွှေ့ကြေး ယူရိ ၁၂၀သန်း ဝန်းကျင်နဲ့ ရောင်းထုတ်သင့်ကြောင်း အကြံပေးမှုတွေ ရှိနေပါတယ်။

Photo Credit: ESPN

စပိန် လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်းနဲ့ ခေါ်ယူဖို့ အသင့် ရှိနေပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ အယ်ခါလိုင်ဖီက အမ်ဘာပေဟာ အသင်းမှာပဲ ဆက်ရှိသွားမှာ ဖြစ်သလို အသင်းကလည်း ယခုနှစ် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ကို ရယူနိုင်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားကြောင်း ဆိုသွားပါတယ်။

အမ်ဘာပေရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အယ်ခါလိုင်ဖီက – “ကျွန်တော့်အမြင်မှာတော့ လူတိုင်းက ကိုင်လီယန် (အမ်ဘာပေ) ရဲ့ အနာဂတ်ကို သိကြမယ်လို့ ထင်ပါတယ်။ သူက ပဲရစ်သား တဦးပါ။ သူက (ချန်ပီယံလိဂ်ကို) စိန်ခေါ်နိုင်မယ့် လူစာရင်းကို လိုချင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ အခု ကျွန်တော်တို့ရဲ့ အသင်းက အကောင်းဆုံး အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် အခုတော့ သူ့မှာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆင်ခြေပေးစရာ မရှိတော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။