ပြင်သစ်အင်အားကြီး ကလပ်အသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အသင်းဥက္ကဌ ဖြစ်သူ အယ်ခါလိုင်ဖီ ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ် အသင်းကို အရေးနိမ့်ခဲ့ရပေမယ့် သူ့အသင်းရဲ့ စွမ်းဆောင်ရည် အတွက် သူ ဂုဏ်ယူတယ် လို့ ပြောကြား သွားခဲ့ပါတယ်။ ပြင်သစ်လီဂူးမှာ ပြိုင်ဘက်ကင်း အသင်းအဖြစ် အချိန်အတော်ကြာအောင် ရပ်တည် ထားနိုင်တဲ့ ပီအက်စ်ဂျီအသင်းဟာ ဥရောပ စင်မြင့်မှာတော့ အနည်းငယ် မျက်နှာငယ်ခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ပြီး လက်ရှိ ဘောလုံးရာသီမှာတော့ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: PSG Talk

ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ ဗိုလ်လုပွဲမှာတော့ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းကို အသာမရခဲ့ပဲ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ကင်စလေ ကိုးမန်း သွင်းခဲ့တဲ့ သွင်းဂိုးကြောင့် တစ်ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းကို အရေးနိမ့်ခဲ့ကာ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလား ကို ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ ဖြစ်သူ အယ်ခါလိုင်ဖီ ကတော့ ဘိုင်ယန်မြူးနစ် အသင်းကို ရှုံးနိမ့်ကာ ဆုဖလားနဲ့ လွဲချော်ခဲ့တာကြောင့် ဝမ်းနည်းရတာ မှန်ပေမယ့် သူ့အသင်း အတွက် ဂုဏ်ယူရကြောင်းနဲ့ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်အောင် ကြိုးစားသွားမယ် လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: PSG Talk

ပီအက်စ်ဂျီအသင်းရဲ့ ရှုံးပွဲနဲ့ ပတ်သတ်ပြီး အယ်ခါလိုင်ဖီက ” ကျွန်တော်တို့ဟာ အခုချိန်မှာ ဝမ်းနည်းနေပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ကျွန်တော်တို့တွေ အရမ်းကောင်းတဲ့ အရာတွေကို ပြုလုပ်နိုင်ခဲ့တာကို တော့ မေ့ထားလို့ မရပါဘူး။ ဗိုလ်လုပွဲမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ကျွန်တော်တို့ဟာ ၂ဂိုး ဒါမှမဟုတ် ၃ဂိုး လောက် သွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ ဖလားရဖို့ အတော်လေးကို နီးစပ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ဟာ အရမ်းကောင်းတဲ့ ဘောလုံးရာသီ တစ်ခု ၊ အရမ်းကောင်းတဲ့ ပြိုင်ပွဲတစ်ခုကို ရရှိခဲ့တာပါ။ ချန်ပီယံလိဂ်ဖလားကို ရရှိနိုင်ဖို့ လိုအပ်တဲ့ အရာအားလုံး ကျွန်တော်တို့မှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ဘောလုံးပါ။ ကျွန်တော်တို့ဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဖလားကို ရရှိအောင် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဖလားကို ရစေရမယ် လို့ ကျွန်တော် ကတိပေးပါတယ် ” လို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။