ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌဖြစ်သူ နက်ဆာအယ်ခါလိုင်ဖီက မနှစ်က ဘောလုံးရာသီမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့တဲ့ GOAT ကြီး လီယွန်နယ်မက်ဆီဟာ သူရဲ့ လီဂူးကစားသမားဘဝ အစပိုင်းမှာ ရုန်းကန်မှုတွေ ရှိခဲ့ရပေမယ့်လည်း လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာာတော့ မက်ဆီရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့လာရလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

မက္ဆီဟာ ဘာစီလိုနာအသင်းမှာ နှစ်ပေါင်းများစွာ ကျင်လည်ဖြတ်သန်းခဲ့ပြီးမှ မနှစ်က နွေဈေးကွက်အတွင်းမှာပဲ ပီအက်စ်ဂျီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဆုံးရာသီမှာတော့ လီဂူးပြိုင်ပွဲအတွင်း ဂိုးဖန်တီးမှု (၁၄)ကြိမ်ထိ လုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း ဂိုး(၆)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် မက္ဆီဟာ အသင်းအတွက် လီဂူး(၆)ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့်လည်း အသင်းနဲ့အတူ လီဂူးချန်ပီယံဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရပြီး လာမယ့်ဘောလုံးရာသီမှာတော့ မက္ဆီက မနှစ်ကရာသီထက် ပိုမိုကောင်းမွန်တဲ့ ပုံစံမျိုးကိုပါ မြင်တွေ့လာရလိမ့်မယ်လို့ အသင်းဥက္ကဌ အယ်ခါလိုင်ဖီက ပြောဆိုသွားခဲ့ပါတယ်။

မက်ဆီနဲ့ ပတ်သက်ပြီး အယ်ခါလိုင်ဖီက Ballon dOr ဆုကို (၇)ကြိမ်ထိ စံချိန်တင်အောင် ပိုင်ဆိုင်နိုင်ခဲ့တဲ့ မက်ဆီရဲ့ စွမ်းဆောင်ရည်က သံသယဝင်စရာ မရွိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီကတော့ သူ့အတွက် အကောင်းဆုံးရာသီ မဖြစ်ခဲ့ပါဘူး။ ဘာစီလိုနာမှာ နှစ်ပေါင်း(၂၀)ကျော်လောက်ကြာအောင် နေထိုင်ခဲ့ပြီးတဲ့နောက်မှာ နိုင်ငံသစ် မြို့သစ် လိဂ်အသစ် အသင်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ သူက ဒဏ်ရာပြသာနာတွေနဲ့ရော ကိုရိုနာဗိုင်းရပ်စ်နဲ့ပါ ရင်ဆိုင်ခဲ့ရတယ်။ ပြီးခဲ့တဲ့ရာသီ မက်ဆီအတွက် မလွယ်ကူခဲ့ပေမယ့် လာမယ့်ရာသီမှာတော့ မက်ဆီရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ရမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ မနေ့ကပဲ အသက်(၃၅)နှစ် ပြည့်မြောက်သွားခဲ့ရတဲ့ မက်ဆီကို ပီအက်စ်ဂျီ အသင်းဖော် စပိန်ကွင်းလယ်လူ အန်ဒါဟာရဲရားကပါ ချီးကျူးပြောဆိုလာခဲ့ပြီး မက်ဆီလို ကစားသမားမျိုးကို တစ်ရာသီအတွင်း သွင်းဂိုး(၅၀)လောက် ထပ်မသွင်းနိုင်တော့ဘူးဆိုပြီး ပြောဆိုလို့ မရနိုင်ဘူးလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ မက်ဆီဟာ သူရဲ့ဘာစီလိုနာအသင်းဖော်ဟောင်း ဖာဘရီဂတ်စ်နဲ့အတူ အီဘီဇာကမ်းခြေမှာ အနားယူ အပန်းဖြေလျက် ရှိနေပါတယ်။