MySport Myanmar

မက်ဆီ ပီအက်စ်ဂျီမှာပဲ ဆက်လက် ရှိနေမယ်လို့ အယ်လ်ခါလိုင်ဖီ ယုံကြည်နေ

ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌဖြစ်သူ နာဆာအယ်လ်ခါလိုင်ဖီက အသင်းရဲ့ အဓိက ကစားသမားကြီးဖြစ်သူ လီယွန်နယ်မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဘာစီလိုနာကို ပြန်သွားမယ် ၊ အင်တာမိုင်ယာမီဆီ ပြောင်းရွှေ့တော့မယ်ဆိုပြီး ကောလဟာလတွေ ထွက်ပေါ်နေပေမယ့် ပီအက်စ်ဂျီအသင်းမှာပဲ ဆက်လက် ရှိနေလိမ့်မယ်လို့ ယုံကြည်နေကြောင်း ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၃၅)နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင် GOAT ကြီး မက်ဆီဟာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ လမ်းခွဲပြီးနောက်မှာ ပီအက်စ်ဂျီအသင်းဆီ (၂)ရာသီစာချုပ်နဲ့ ပြောင်းရွှေ့ဖြစ်လာခဲ့ပြီး အခုဆိုရင် ပီအက်စ်ဂျီနဲ့ ဒုတိယမြောက် နောက်ဆုံးရာသီဆီ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အခုဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မက်ဆီဟာ သူ့အသင်းဟောင်း ဘာစီလိုနာနဲ့ သတင်းထွက်နေသလို ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Tembah Football

မက်ဆီအနေနဲ့ကတော့ သူ့အနာဂတ် ကိစ္စရပ်တွေအတွက် လက်ရှိ ကျင်းပနေတဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး အပြီးမှသာ စဉ်းစား ဆုံးဖြတ်သွားမယ်လို့ အခိုင်အမာ ပြောဆိုထားခဲ့သလို ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခါလိုင်ဖီ ကိုယ်တိုင်ကလည်း မက်ဆီကို သူတို့အသင်းမှာပဲ ဆက်လက် ထားရှိနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဇန်နဝါရီလထဲမှာ သူ့အနာဂတ်နဲ့ ပတ်သတ်ပြီး နှစ်ဖက်လုံး ဆွေးနွေးသွားဖို့ ကျွန်တော်တို့ သဘောတူညီထားခဲ့ပါတယ်။ သူ အရမ်း ပျော်ရွှင်နေပါတယ်။ ဒါကို သူ လက်ရွေးစင်အသင်းမှာ ပြသနေတာ မြင်တွေ့နိုင်ပါတယ်။ ကစားသမားတွေ မပျော်တဲ့အခါ လက်ရွေးစင်အသင်းအတွက် သူတို့ စွမ်းဆောင်ရည်တွေက သိပ်မကောင်းတတ်တာကို တွေ့ရပါလိမ့်မယ်။ သူဟာ ဒီရာသီမှာ ကျွန်တော်တို့အသင်းအတွက် အံ့မခန်းစွမ်းဆောင်နိုင်ခဲ့ပြီး နိုင်ငံအသင်းအတွက်ရော ကလပ်အသင်းအတွက်ပါ ဂိုးဖန်တီးမှုများစွာ ပြုလုပ်ပေးခဲ့ပါတယ်” လို့ အယ်လ်ခါလိုင်ဖီက ပြောဆိုထားခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိမှာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပါဝင်ဆင်နွဲလို့နေပြီး အာဂျင်တီးနားအတွက်လည်း သွင်းဂိုး(၃)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Exit mobile version