ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ဂိုးသမားပိုင်းကို အင်အားပိုမိုတောင့်တင်းလာစေနိုင်ဖို့အတွက် အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ပင်တိုင်ဂိုးသမားဖြစ်သူ ဂျန်အော့ဘလက်ကို အဓိကပစ်မှတ်ထားလျက်ရှိနေတယ်လို့ အော့ဘလက်ကိုယ်တိုင်ကလည်း ဆုဖလားတွေများစွာကို ရယူသွားချင်နေတဲ့အတွက် အသက်လက်တီကိုအသင်းကနေ ထွက်ခွာချင်နေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ ဆလိုဗေးနီးယားလက်ရွေးစင် ဂိုးသမားအော့ဘလက်ဟာ အသက်လက်တီကိုအသင်းရဲ့ နံပါတ်တစ်ဂိုးသမားဖြစ်ပြီး သူရဲ့လက်စွမ်းကောင်းတွေကြောင့် လာလီဂါမှာ နှစ်စဉ်ချီးမြှင့်နေကြဖြစ်တဲ့ အကောင်းဆုံးဂိုးသမားဆု(ဇာမိုရာဆု)ကိုလည်း ဘောလုံးရာသီ (၄)ရာသီဆက်တိုက် ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၄ခုနှစ်ကနေ အသက်လက်တီကိုအသင်းကို ရောက်ရှိလာခဲ့တဲ့ အော့ဘလက်ဟာ အသင်းနဲ့ (၆)နှစ်တာ ဖြတ်သန်းခဲ့ပြီးနောက် ဆုဖလားအနည်းငယ်ကိုသာ ရယူထားနိုင်ခဲ့လို့ ဆုဖလားအောင်မြင်မှုတွေများစွာကို အရယူနိုင်ဖို့အတွက် အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ပါတယ်။

Photo Credit : Bleacher Report

အော့ဘလက်ကို ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းကပဲ ချယ်လ်ဆီးအသင်းကနေ ခေါ်ယူဖို့အတွက် အဓိကပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့် အော့ဘလက်အတွက် အသက်လက်တီကိုဘက်ကနေ သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို လုံးဝလျော့ချပေးခြင်းမရှိတာကြောင့် ချယ်လ်ဆီးလည်း နောက်ဆုံးမှာတော့ ရန်းစ်ဂိုးသမား အက်ဒွါမန်ဒီကိုပဲ ခေါ်ယူလိုက်ရတာဖြစ်ပါတယ်။ ဒါပေမယ့် အော့ဘလက်ကို ဥရောပထိပ်သီးအသင်းတွေများစွာက ပစ်မှတ်ထားနေတဲ့အပြင် လတ်တလောမှာလည်း ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းကနေ အော့ဘလက်ကို အသင်းရဲ့ Main Target အဖြစ်နဲ့ သတ်မှတ်လို့ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသက်လက်တီကိုအသင်းကတော့ သူတို့ရဲ့ အဓိကဂိုးသမားအတွက် စာချုပ်ဖျက်သိမ်းကြေးကို ပေါင်(၁၀၉)သန်းအထိ သတ်မှတ်လို့ထားတဲ့အပြင် အသင်းကနေ ရောင်းချသွားဖို့ကိုလည်း ဆန္ဒမရှိပေမယ့် အခုလို အသင်းတွေရဲ့စီးပွားရေးခက်ခဲနေရတဲ့အချိန် အသင်းအတွက် ကစားသမားသစ်တွေကိုလည်း ခေါ်ယူရာမှာ အသုံးပြုနိုင်ဖို့အတွက် အော့ဘလက်လို တန်ကြေးမြင့် ကစားသမားတစ်ဦးကို ရောင်းထုတ်သွားဖို့ စီစဉ်လာနိုင်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီက အော့ဘလက်ကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အော့ဘလက်အတွက် ပီအက်စ်ဂျီဘက်ကနေ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။