ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ ဘုန်းမောက်အသင်းရဲ့တိုက်စစ်ကစားသမား ဂျိုရှအာကင်းကို ခေါ်ယူဖို့အတွက် ကလပ်အသင်းတွေများစွာကနေ ပစ်မှတ်ထားနေလျက်ရှိပြီး သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေက ပရီးမီးယားလိဂ်မှာ (၁၀)သင်းလောက်အထိ ရှိနေတဲ့ပြင် ပြည်ပကလပ်တွေဖြစ်တဲ့ ရောမမြို့အခြေစိုက် နာမည်ကျော်စီးရီးအေအသင်းတွေဖြစ်တဲ့ လာဇီယိုနဲ့ရိုးမားတို့အပြင် ပြင်သစ်လီဂူးက ချန်ပီယံပီအက်စ်ဂျီအသင်းကပါ ကင်းကိုခေါ်ယူဖို့အတွက် အံ့အားသင့်ဖွယ် စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၈)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ နော်ဝေတိုက်စစ်ကစားသမား ဂျိရှအာကင်းဟာ ၂၀၁၅ခုနှစ်ကတည်းက ဘုန်းမောက်အသင်းမှာ ပါဝင်ကစားနေသူဖြစ်ပြီး လက်ရှိမှာ အသင်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပြီဖြစ်လို့ အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ကာ အသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိနေတော့တာဖြစ်တာကြောင့် ဘုန်းမောက်ဘက်ကနေလည်း သူတို့ရဲ့ကစားသမားကို ဒီနွေစျေးကွက်ထဲမှာ မဖြစ်မနေ ရောင်းချရတော့မှာဖြစ်ပါတယ်။ လတ်တလောမှာလည်း ကင်းကို ခေါ်ယူဖို့အတွက် ကလပ်အသင်း (၁၀)သင်းကျော်လောက်ကနေ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : TEAMtalk

ကင်းကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ပီအက်စ်ဂျီ လာဇီယိုနဲ့ ရိုးမားတို့လို ထိပ်သီးကလပ်အသင်းတွေပါ ပါဝင်လာခဲ့ပြီး ဒီအသင်းတွေနဲ့သာ အပြောင်းအရွှေ့အထမြောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ကင်းအနေနဲ့ ဥရောပပြိုင်ပွဲတွေမှာပါ ဝင်ရောက်ကစားခွင့် ရရှိနိုင်မှာဖြစ်ပါတယ်။ ဘုန်းမောက်ကတော့ သူတို့ရဲ့ကစားသမားအတွက် ပေါင်(၂၅)သန်းအောက် ကမ်းလှမ်းမှုမျိုးကို လက်ခံသွားမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပေမယ့် အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ကတော့ မလွယ်ကူလောက်တော့ပါဘူး။ နော်ဝေနိုင်ငံ အိုစလိုမြို့မှာ မွေးဖွားခဲ့တဲ့ ကင်းဟာ အသက်(၁၆)နှစ်သားအရွှယ်မှာပဲ မန်ချက်စတာယူနိုက်တက်ရဲ့လူငယ်အသင်းမှာ ပါဝင်ခွင့်ရခဲ့သူဖြစ်ပြီး စီနီယာအသင်းအတွက် တစ်ပွဲတစ်လေမှ ကစားခွင့်မရခဲ့ပဲ ပရက်စတန် မိုချန်ဂလာဘတ် ဟားလ်စီးတီး ဘလက်ဘန်းအသင်းတွေမှာ အငှားနဲ့ထွက်ကစားခဲ့ရင်း ၂၀၁၃ခုနှစ်မှာ ဘလက်ဘန်းအသင်းဆီ အပြီးသတ်ပြောင်းရွှေ့ခဲ့ကာ အဲ့ဒီကနေတစ်ဆင့် ဘုန်းမောက်ကို ရောက်ခဲ့ပါတယ်။ ကင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အသင်းဟောင်းယူနိုက်တက်ဆီကို ရောက်ရှိဖို့လည်း နီးစပ်ခဲ့သေးပြီး ဘုန်းမောက်ဘက်က ယူနိုက်တက်ရဲ့ ပေါင်သန်း(၂၀)တန် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။