ပီအက်စ်ဂျီအသင်းကတော့ ကီလီယန် အမ်ဘာပေကို ရောင်းထုတ်မယ့် စာရင်းထဲ မထည့်သွင်းခင်ကတည်းက အသင်း တိုက်စစ်ပိုင်းအတွက် ကစားသမား အမြောက်အများကို ချိန်ရွယ်လျက် ရှိနေရာ လက်ရှိမှာ ဘာပေကိုလည်း ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် တိုက်စစ် ပစ်မှတ်ထဲ အပါအဝင် ဖြစ်နေသူ ဟွိုင်လန်းကို ပိုမို ကြိုးပမ်းလာဖို့ ရှိနေပါတယ်။

Photo Credit : Clutch Points

 အတ္တလန်တာအသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းဟာ ဒီနှစ် နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမားတစ်ဦး ဖြစ်နေပြီး မေဆန်မောင့် နဲ့ အိုနာနာတို့ကို ခေါ်ယူထားပြီးချိန်မှာ ဟွိုင်လန်းကို ထပ်မံ ခေါ်ယူဖို့ ယူနိုက်တက်ဘက်က အမှန်အကန် ကြိုးပမ်းလို့နေပါတယ်။ ကစားသမားလေး ကိုယ်တိုင်ကလည်း မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်လျက် ရှိနေပေမယ့် အတ္တလန်တာဘက်က သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အဆမတန်တွေ သတ်မှတ်ထားနေလို့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့က ခက်ခဲနေရပါတယ်။

Photo Credit : PSG Talk

 ဒီအချိန်မှာ တိုက်စစ်ပိုင်း အားဖြည့်ဖို့ လိုအပ်လာတဲ့ ပီအက်စ်ဂျီကလည်း ယူနိုက်တက် ပစ်မှတ် ဟွိုင်လန်းကို ကြားဖြတ် ခေါ်ဆောင်ဖို့ ကြိုးပမ်းလာခဲ့ပြီး ပီအက်စ်ဂျီရဲ့ ဘောလုံး အကြံပေး လူးဝစ် ကမ်ပို့စ်ကိုယ်တိုင် ဟွိုင်လန်းရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ တောက်လျှောက် လုပ်ဆောင်နေတယ်လို့ ပြင်သစ် သတင်းမီဒီယာ L’Equipe ကနေ ဖော်ပြလာခဲ့ပါတယ်။ ပီအက်စ်ဂျီက ဟယ်ရီကိန်း ဗလာဟိုဗစ်တို့ကို ပစ်မှတ်ထားနေပေမယ့်လည်း ကိန်းက ဘိုင်ယန်ကိုသာ ပြောင်းရွှေ့ချင်နေသလို ဗလာဟိုဗစ်နဲ့ ပီအက်စ်ဂျီတို့ကလည်း ဒီနောက်ပိုင်းမှာ သတင်း သိပ်မထွက်တော့ပဲ ငြိမ်နေသလို ပီအက်စ်ဂျီ ultra တွေက ဗလာဟိုဗစ်ကို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ထားခြင်းကြောင့် ပီအက်စ်ဂျီအနေနဲ့ ဟွိုင်လန်းကိုသာ ပိုမို ကြိုးပမ်းလာဖို့ ရှိနေပါတယ်။

 ဒါပေမယ့် ယူနိုက်တက်ဘက်ကလည်း အသင်း တိုက်စစ်ပိုင်းအတွက် သူတို့ရဲ့ အဓိက ပစ်မှတ် ဟွိုင်လန်းကို အရ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ဟွိုင်လန်းကိုယ်တိုင်ကလည်း သူ့ကို ယူနိုက်တက်ဆီ ပြောင်းရွှေ့ခွင့်ပေးဖို့အတွက် အတ္တလန်တာဘက်ကို ဖိအားပေး တောင်းဆိုလျက် ရှိနေပါတယ်။