ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီကို ပိုင်ဆိုင်ထားတဲ့ ကာတာစော်ဘွားအုပ်စုက ပေါ်တူဂီ နာမည်ကြီးကလပ် ဘရာဂါရဲ့ ရှယ်ယာတချို့ကို ဝယ်ယူလိုက်ကြောင်း ဘရာဂါနဲ့ သက်ဆိုင်တဲ့ သတင်းရင်းမြစ်တွေက တရားဝင် ဖော်ပြသွားခဲ့ကြပါတယ်။

ကာတာစော်ဘွားအုပ်စုက ပီအက်စ်ဂျီကို ပိုင်ဆိုင်ပြီးနောက် သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုတွေကို ဘောလုံးလောကထဲမှာ ထပ်မံ မြှုပ်နှံဖို့ ဆုံးဖြတ်ပြီးနောက် ဥရောပရဲ့ နာမည်ကြီးအသင်း တချို့ကို ဝယ်ယူရန် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် နောက်ဆုံးမှာ ပေါ်တူဂီ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဘရာဂါကို ဝယ်ယူဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Doha News

ပေါ်တူဂီအခြေစိုက် နာမည်ကြီးကလပ် ဘရာဂါက စပို့တင်း လစ္စဘွန်း ၊ ပေါ်တိုနဲ့ ဘင်ဖီကာတို့လောက် အောင်မြင်မှုတွေ မရပေမယ့် ဥရောပဝင်ခွင့်တွေ မကြာခဏ ရတတ်သလို ပေါ်တူဂီ လက်ရွေးစင်အသင်း အတွက် ကစားသမားကောင်း တချို့ကို မွေးထုတ်ပေးထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ကာတာစော်ဘွားအုပ်စုက ဘရာဂါရဲ့ ရှယ်ယာတချို့ကို ဝယ်ယူကာ အသင်းကို ထိန်းချုပ်ခွင့် ရဖို့ စတင် ကြိုးစားလာတာ ဖြစ်ပြီး ဘရာဂါရဲ့ ဘုတ်အဖွဲ့ကလည်း ကာတာစော်ဘွားအုပ်စုရဲ့ ကျောထောက်နောက်ခံပေးမှုကို ရယူကာ ပေါ်တူဂီလိဂ်မှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ကြိုးစားရန် ဆုံးဖြတ်လိုက်တာကြောင့် ကာတာစော်ဘွားအုပ်စုဆီ အသင်းရဲ့ ရှယ်ယာ တချို့အား ရောင်းချဖို့ သဘောတူလိုက်ပါတယ်။

Photo Credit: Doha News

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ကာတာစော်ဘွားအုပ်စုက ဘရာဂါရဲ့ ရှယ်ယာ စုစုပေါင်း ၂၁.၆၇ ရာခိုင်နှုန်းကို ဝယ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီး ဘရာဂါက အဆိုပါ ရှယ်ယာ ပမာဏအတွက် စုစုပေါင်း ယူရို ၈၀သန်း ဝန်းကျင် ရရှိမယ်လို့ သိရပါတယ်။

ကာတာစော်ဘွားအုပ်စုက ဘရာဂါရဲ့ ရှယ်ယာ စုစုပေါင်း ၅ပုံ ၁ပုံအား ဝယ်ယူနိုင်ခဲ့ပြီးနောက် လာမယ့်နှစ်တွေမှာ ဘရာဂါရဲ့ ရှယ်ယာတွေကို တိုးတိုး ဝယ်ယူရန် စီစဉ်ထားသလို ဘရာဂါအတွက် အပြောင်းအရွှေ့ ဈေးကွက်မှာ အသုံးပြုဖို့ ငွေကြေးတချို့အား ထုတ်ပေးရန်ပါ စဉ်းစားထားကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်သူ တချို့က ဆိုကြပါတယ်။