ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ နေမာကို ရောင်းထုတ်ချင်နေပေမယ့် ဝယ်သူ မရှိသေးတာကြောင့် အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ထံ ဆက်သွယ်ကာ နေမာကို ခေါ်မလား ဆိုပြီး ကမ်းလှမ်းထားကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာက ကမ္ဘာပေါ်မှာ မက်ဆီနဲ့ ရိုနယ်ဒို ပြီးရင် ပရိသတ် အကြိုက်ဆုံး ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သလို ယခုချိန်အထိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး တဦး အဖြစ် ရပ်တည်နေနိုင်ဆဲ ထိပ်သီး ကစားသမား တယောက်ပဲ ဖြစ်ပါတယ်။

Photo Credit: Fot Mob

ဒါပေမယ့် နေမာဟာ ပီအက်စ်ဂျီအတွက် ၅နှစ်တာ ကစားပေးခဲ့ပြီးနောက် သူ့ရဲ့ ခြေစွမ်းတွေက တဖြည်းဖြည်း ကျဆင်းလာခဲ့ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာဆိုရင် ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့သလို သွင်းဂိုး ၁၃ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

နေမာရဲ့ ဂိုးပါဝင် ပတ်သတ်မှုနှုန်းက တပွဲ ၁ဂိုးနှုန်း နီးပါး ရှိနေပေမယ့် ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ အသစ် ကန်ပို့စ်ကတော့ သူ့ရဲ့ ခြေစွမ်းတွေကို သဘောမကျပဲ ယခု နွေဈေးကွက် အတွင်းမှာပဲ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရလာရင် နေမာကို ရောင်းချဖို့ အသင်းရဲ့ တာဝန်ရှိသူတွေအား နားချထားသလို နေမာအတွက် အသင်းသစ် ရှာပေးဖို့လည်း လုပ်ဆောင်နေပါတယ်။

Photo Credit: Fot Mob

နာမည်ကြီး အီတလီ သတင်းထောက် တဦး ဖြစ်သလို ဂျူဗင်တပ်နဲ့ နီးစပ်တဲ့ မွန်ဘလာနိုရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ ကန်ပို့စ်က မကြာမီကပဲ ဂျူဗင်တပ်ထံ ဆက်သွယ်ကာ နေမာကို အငှားနဲ့ ခေါ်ယူမလား ဆိုပြီး ကမ်းလှမ်းခဲ့ကြောင်းနဲ့ ဂျူဗင်တပ်ရဲ့ ဘုတ်အဖွဲ့ကတော့ နေမာကို ခေါ်ဖို့ ၊ မခေါ်ဖို့ အစည်းအဝေး ပြုလုပ်ကာ ဆွေးနွေးဖွယ် ရှိနေကြောင်း သိရပါတယ်။

ဂျူဗင်တပ်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်တဲ့ ဒိုင်ဘာလာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ထားရသလို အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး မိုရာတာကိုလည်း အပြီးသတ် မခေါ်ယူဖို့ ဆုံးဖြတ်ထားတာကြောင့် နေမာဟာ သူတို့အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု တခု ဖြစ်လာနိုင်ချေ ရှိနေပါတယ်။