ပြင်သစ်အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ကတော့ စပိန်လာလီဂါ ထိပ်သီး အသင်းတသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုုပ်သက်တမ်း ကုန်ဆုံးတော့မယ့် လီယွန်နယ် မက်ဆီကို ၃နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ကမ်းလှမ်းကာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ ဥရောပ ထိပ်တန်းအသင်းကြီးတွေက မျက်စိကျနေကြပါတယ်။

Photo Credit: Football Espana

ဘာစီလိုနာအသင်းကတော့ သူတို့အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီကို အသင်းမှာ ဆက်ထိန်းဖို့ အစွမ်းကုန် ကြိုးစားနေပြီး ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာကလည်း မက်ဆီကို အသင်းမှာ ဆက်လက် ရှိနေအောင် သူတို့ဘက်က လုပ်နိုင်သမျှ အကုန် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပရိသတ်တွေကို ကတိပြုထားပါတယ်။ မက်ဆီကတော့ ယခုနှစ် ဘောလုံးရာသီ အစမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာချင်ခဲ့ပေမယ့် လက်ရှိမှာတော့ အသင်းမှာ ပျော်ရွှင်နေပြီး လာလီဂါ ချန်ပီယံဆုကို ရယူနိုင်ဖို့ အတွက် အာရုံစိုက်ကာ ကြိုးစားနေကြောင်း မက်ဆီနဲ့ နီးစပ်သူတွေက သတင်းဌာန အများစုကို ထုတ်ဖော် ပြောကြားထားပါတယ်။

Photo Credit: Football Espana

ဒါပေမယ့် ဥရောပ နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ TNT Sport သတင်းဌာနကတော့ ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး မက်ဆီနဲ့ နေမာရဲ့ ရင်းနှီးမှုကို အသုံးချနေသလို မက်ဆီကို မက်မောလောက်စရာ လုပ်ခလစာ ပေးချေကာ ၃နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ယနေ့မနက်မှာ အခိုင်အမာ ဖော်ပြလာပါတယ်။ စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ ဘာစီလိုနာအသင်းကလည်း မက်ဆီကို စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုဟာ ၂နှစ်သက်တမ်းသာ ရှိတဲ့ စာချုပ်သစ် ဖြစ်ပြီး အဆိုပါ စာချုပ်ကို မက်ဆီဘက်က လက်ခံခြင်း မရှိသေးပဲ သူ့ရဲ့ အနာဂတ်အတွက် သေချာ စဉ်းစားနေကြောင်း သိရပါတယ်။