ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ နေမာရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး နေမာကို ရွေးချယ်ခွင့် နှစ်ခု ပေးထားကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက်၂၈နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ လက်ရှိ ကမ္ဘာ့ဘောလုံး လောကမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ပီအက်စ်ဂျီ အသင်းနဲ့အတူ ၂၀၂၂ ခုနှစ်အထိသာ စာချုပ် သက်တမ်း ကျန်ရှိတော့သူ ဖြစ်ပါတယ်။ လက်ရှိ ကျန်ရှိနေတဲ့ စာချုပ်သက်တမ်း အရ ပီအက်စ်ဂျီ အသင်းဟာ နေမာကို စာချုပ်သစ် ထပ်မံ ချုပ်ဆို ဖို့ လိုအပ်နေပြီး ပီအက်စ်ဂျီအသင်းဟာလည်း နေမာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေတာ ဟာ အတော်လေးကို ကြာမြင့်နေပြီ ဖြစ်တယ် လို့ သိရပါတယ်။

Photo Credit: Marca

ပဲရစ်မြို့အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ ပီအက်စ်ဂျီအသင်းဟာ နေမာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် နေမာ ဘက်ကတော့ စာချုပ်သစ် ချုပ်ဆိုမယ့် ကိစ္စကို ခေတ္တ ရပ်နားထားကြောင်း သိရပြီး ပီအက်စ်ဂျီ အသင်း ကတော့ နေမာရဲ့ အကြောင်းပြန်မှုကို အတော်လေး သဘောမကျ ဖြစ်နေပါတယ်။ နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ L’Equipe သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ နေမာရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး နေမာကို ရွေးချယ်စရာ နှစ်ခု ပေးထားကြောင်း သိရပြီး အဆိုပါ ရွေးချယ်စရာ နှစ်ခု ကတော့ အသင်းမှာ ဆက်ရှိနေဖို့ စာချုပ် ချုပ်ဆိုမလား ၊ ဒါမှမဟုတ် နွေစျေးကွက်မှာ အသင်းကနေ ထွက်ခွာမလား ဆိုတဲ့ အချက်တွေ ဖြစ်ကာ နေမာဟာ နွေစျေးကွက် မစတင်မီမှာ အဆိုပါကိစ္စရပ်နဲ့ ပတ်သတ်ပြီး အဖြေတစ်ခုကို ပေးရမယ်လို့လည်း သိရပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းနဲ့အတူ အနာဂတ် မတည်မငြိမ် ဖြစ်နေတဲ့ နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါအသင်းတွေထဲမှာ နေမာရဲ့ အသင်းဟောင်း ဘာစီလိုနာ ၊ စပိန်လာလီဂါရဲ့ အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ်အသင်း ၊ မန်ယူအသင်းနဲ့ ဘိုင်ယန် မြူးနစ်အသင်းတို့လို ထိပ်တန်းအသင်းကြီးတွေ ပါဝင်နေပါတယ်။ L’Equipe သတင်းဌာနရဲ့ အဆိုအရတော့ ပီအက်စ်ဂျီအသင်းဟာ နွေစျေးကွက်ထဲမှာ နေမာအတွက် ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုတိုင်းကို လက်ခံကာ ဆွေးနွေးဖို့ အသင့် ရှိနေကြောင်း သိရပြီး လက်ရှိမှာတော့ နေမာရဲ့ အသင်းဟောင်း ဘာစီလိုနာနဲ့ ဘာစီလိုနာရဲ့ ပြိုင်ဘက်ကြီး ရီးရဲလ်မက်ဒရစ်အသင်း တို့က နေမာကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေကြပါတယ်။